လီဆူလူငယ်အစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းကို ကြိုဆို ဂုဏ်ပြုသော သဝဏ်လွှာ
၁။ လီဆူလူမျိုးများ၏ လူနည်းစုအခွင့်အရေး၊ တန်းတူရေး၊ တရားမျှတမှုနှင့် မိမိတို့အမျိုးသားများ၏ ကံ ကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရေးတို့အတွက် လီဆူလူငယ်အစည်းအရုံး (Lysu Youth Congress – LYC) ဖွဲ့စည်း တည်ထောင်ပြီးစီးကြောင်း ကြေညာခြင်းအား ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။
၂။ လီဆူလူငယ်အစည်းအရုံးအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက်လည်းကောင်း၊ လူမျိုးစုံ ပြည်သူ တရပ်လုံးကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေသော အရင်းရှင်စနစ်နှင့် လူမျိုးရေး၊ ဘာသာရေး၊ လိင်စိတ် ခံယူမှု ကွဲပြားမှုတို့အပေါ် ခွဲခြားဆက်ဆံသော ဖိနှိပ်မှုများကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက်လည်းကောင်း ရည် ရွယ် ဦးတည်သည့်အကြောင်းကို သိရှိရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား ဂုဏ်ယူပါကြောင်းလည်း ဖော်ပြအပ်ပါသည်။
၃။ မည်သည့်လူမျိုးတွင်မဆို လူငယ်မျိုးဆက်ဟူသည် အခရာကျသော အင်အားစုဖြစ်သဖြင့် လီဆူအမျိုးသား လူငယ်များက မိမိတို့လူမျိုးအတွက်ရော၊ လူမျိုးစုံ ဗမာပြည်သူတရပ်လုံးအတွက်ပါ နိုင်ငံရေးတာဝန်သိသိ အသိရှိရှိ ကြိုးပမ်း အားထုတ်လာကြသည့်အတွက် လက်ရှိ နွေဦးတော်လှန်ရေးအတွက်သာမက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက်ပါ အားရစရာ အားတက်စရာ ကိစ္စကောင်းအဖြစ် မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက အလေးအနက်ထား သုံးသပ် ရှုမြင်မိပါသည်။
၄။ ဆက်လက်၍ ရုန်းကန် ဆင်နွှဲကြရဦးမည့် စစ် ၃ စစ် အမြစ်ဖြတ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော လူ့အဖွဲ့အစည်းသစ် ထူထောင်ရေးတိုက်ပွဲများတလျှောက် မိမိတို့ပါတီအနေဖြင့် လီဆူလူငယ် အစည်းအရုံး၊ လီဆူအမျိုးသားထုတို့အပါအဝင် လူမျိုးပေါင်းစုံ ဗမာပြည်သူတရပ်လုံးနှင့် သွေးစည်းချစ်ကြည်စွာ လက် တွဲ တိုက်ပွဲဝင်သွားနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၈) ရက်။
