ကရင့်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ
၁။ ယနေ့ (၃၀၊ ၁၂၊ ၂၀၂၄) နေ့တွင် ကျရောက်သော ကရင့်နှစ်သစ်ကူး အခါသမယ၌ ကရင်အမျိုးသားပြည်သူ အပေါင်းနှင့်တကွ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မိတ်ဆွေရင်းချာဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင်များ၊ ရဲဘော်များ ရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒအမွန် ပြုအပ်ပါ သည်။
၂။ ကရင်အမျိုးသားပြည်သူတို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ယနေ့ နွေဦးတော်လှန်ရေးကြီး တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်သုတ်သင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် လူမျိုးစုံဗမာပြည်သူတို့နှင့်အတူ ရှေ့တန်းမှ တိုက်ပွဲဝင် ဆင်နွှဲလျက်ရှိသည်ကိုလည်း မိမိတို့ပါတီအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။
၃။ မိမိတို့ပါတီအနေဖြင့် ကရင်အမျိုးသားပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံဗမာပြည်သူတို့ တောင့်တ လိုလားကြ သည့်အတိုင်း စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် သုတ်သင်လျက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အပြည့်အဝ အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတိုက်ပွဲစဉ် တလျှောက် တွင် မိတ်ဆွေ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်တကွ ကရင်အမျိုးသားပြည်သူတို့နှင့် ချစ်ကြည်သွေးစည်း စွာ လက်တွဲလျက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၃ဝ ရက်။
(ကရင့်သက္ကရာဇ် ၂၇၆၄၊ သလေလ၊ ၁ ရက်)