ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်

ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ချက်များ

၁။ ယနေ့ ( ၈၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်ရဲဘော် အပေါင်းတို့အား မိမိတို့ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။

၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသော်လည်း စစ်အာဏာရှင်စနစ်ကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြပေ။

၃။ စစ်အာဏာရှင်စနစ်သည် နတတ၊ နအဖ၊ စစ်တပိုင်းအစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသွင် သဏ္ဍာန်မျိုးစုံတို့ဖြင့် လူမျိုးစုံပြည်သူလူထုကြီးအပေါ်အညှိုးအတေးကြီးစွာ ပစ်မှတ်ထားပြီး ဖိနှိပ်ဗိုလ်ကျ အ နိုင့်အထက် ပြုခဲ့ကြသည်မှာ ယနေ့အထိတိုင် ဖြစ်သည်။

၄။ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက တွေဝေတွန့်ဆုတ်ခြင်း စိုးစဉ်းမျှမရှိဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးတိုက်ပွဲအလီလီကို မနားတမ်း တိုက်ပွဲဆင်ခဲ့ကြသည်မှာလည်း ယနေ့ ဆင်နွှဲနေကြသည့် နွေဦး တော်လှန်ရေးကြီးအထိ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည် ယုံကြည်ပါသည်။

၅။ ယနေ့ ဆင်နွှဲနေရသည့် တိုက်ပွဲသည် အဆုံးသတ်တိုက်ပွဲ ဖြစ်သည်။ မိမိတို့ ပြည်သူလူထုကြီးဘက်မှ ပေးဆပ်ရမှုသည်လည်း ကြီးမားလွန်းလှသကဲ့သို့ ရန်သူစစ်အုပ်စုဘက်မှ အယုတ်မာဆုံး၊ အရက်စက်ဆုံး၊ အ ကောက်ကျစ်ဆုံး၊ လူမဆန်ဆုံးနည်းလမ်းများကို သုံး၍ ၎င်း၏အာဏာ ဆက်လက် တည်မြဲနိုင်ရေးအတွက် အသည်းအသန် ရုန်းကန်နေရသည့်ကာလ ဖြစ်သည်။

၆။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးစသည့် ဘက်ပေါင်းစုံ ယိမ်းထိုးပြိုလဲနေသော အာဏာသိမ်းစစ် ကောင်စီအနေဖြင့် ရွေးကောက်ပွဲအတု၊ တွေ့ဆုံဆွေးနွေးပွဲအတု၊ အသွင်ကူးပြောင်းရေးအစီအမံအတုတို့ကို ဖန်တီးကာ ထွက်ပေါက်ရှာ ရုန်းထွက်ရန် ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီး ကြံစည်နေသည့် ကာလလည်း ဖြစ်သည်။

၇။ နွေဦးတော်လှန်ရေးကြီးအနေဖြင့် နည်းနည်းလေးမျှပင် ယိမ်ယိုင်တွေဝေခြင်းမရှိဘဲ စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တစမကျန် ဖယ်ရှားဖျက် သိမ်းပစ်ကြရမည် ဖြစ်ပါသည်။ သို့မှသာ လူမျိုးစုံပြည်သူလူထုကြီး၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို အပြည့် အဝ အာမခံသည့်၊ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက်နိုင်လိမ့်မည် ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် ယုံကြည်ပါသည်။

၈။ မိမိတို့ပါတီအနေဖြင့် အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် လုပ်ငန်းတာဝန်များကို အပြည့်အဝ အဆုံး သတ် ဖော်ဆောင်နိုင်ရေးအတွက် မိတ်ဖက်အင်အားစုအသီးသီးနှင့်အတူ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ကျရာအခန်းမှ အစွမ်းကုန် လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေ ငြာအပ်ပါသည်။

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲ ချီတက်ကြ။

စစ် ၃ စစ်ကို တစမကျန် ဖယ်ရှားဖျက်သိမ်းကြ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။ အရေးတော်ပုံ အောင်ရမည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။