(၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သော သဝဏ်လွှာ
၁။ ယနေ့ (၂၇၊ ၃၊ ၂၀၂၄) သည် လွန်ခဲ့သော (၇၉) နှစ်က “ဂျပန် ဖက်ဆစ် ဓားပြ လူရိုင်းများကို မောင်းထုတ်ကြလော့” ဆိုသည့် ကြွေးကြော် ကြုံးဝါးမှုဖြင့် လူမျိုးစုံ ဗမာပြည်သူတို့က လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဖက်ဆစ်တော် လှန်ရေးကြီးကို တခဲနက် ဆင်နွှဲခဲ့ကြသော နှစ်ပတ်လည်နေ့ ဖြစ်သည်။
၂။ မျက်မှောက်ကာလတွင်လည်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်နိုင်ရန် တိုက်ပွဲဝင်နေသော လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက ဖက်ဆစ်အမွေဆိုးကို ဆက်ခံလျက် ပြည်သူလူထုကြီးအပေါ် ညှဉ်းပမ်း နှိပ်စက် အနိုင်ကျင့် သတ် ဖြတ်လျက်ရှိသည့် အာဏာသိမ်းစစ်အုပ်စုအား နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်ကြီး ဆင်နွှဲနေကြပေသည်။
၃။ နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များဖြစ်သော “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ
ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး’ တို့သည် တသီးတခြားစီ မဟုတ်မူ၍ တဆက်
တစပ်တည်း ဖြစ်သည့် လုပ်ငန်းတာဝန်များ ဖြစ်ပေသည်။ အဆိုပါ တဆက်တစပ်တည်းသော လုပ်ငန်းတာဝန်များတွင် အခရာ အကျဆုံးမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး (ဝါ) စစ် ၃ စစ် ဖျက်သိမ်းရေးပင် ဖြစ်သည်။
၄။ ထိုကြောင့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်ရန်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး (ဝါ) စစ် ၃ စစ် ဖျက်သိမ်းရေး လုပ်ငန်းကို လွန်ခဲ့သော (၇၉) နှစ်က ဖက်ဆစ်တော်လှန်ရေး ကြီး ဆင်နွှဲခဲ့ကြစဉ်ကအတိုင်း လူထုပွဲတော်ကြီးအဖြစ် လူမျိုးစုံပြည်သူတရပ်လုံးက အညီအညွတ် ပေါင်းရုံး စုစည်းကြ လျက် တိုက်ပွဲဝင်ရန် လိုအပ်ပေသည်။
၅။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် လူမျိုးပေါင်းစုံ ဗမာပြည်သူတို့နှင့်အတူ၊ နွေဦးတော်လှန်ရေး တိုက်ပွဲဖော် အင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲလျက် အောင်ပွဲရသည်အထိ ကျရာတာဝန် ထမ်းရင်း တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဖက်ဆစ်တော်လှန်ရေး နှစ်ပတ်လည်အထိမ်းအမှတ် အခမ်း အနားများသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၇ ရက်။