(၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

(၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ကရင်အမျိုးသားပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တို့ကို လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ ချေမှုန်းလာသဖြင့် လက်နက်ကိုင်ခုခံစစ်ကို ဆင်နွှဲခဲ့ကြသည့် ကရင့်တော်လှန်ရေးသည် ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီ (၃၁) ရက်တွင် (၇၅) နှစ်ပြည့်မြောက်၍ စိန်ရတုကာလ တိုင်ခဲ့ပြီ ဖြစ်သည်။ ကရင်အမျိုးသားပြည်သူတို့၏ မဆုတ်မနစ် အလျှော့မပေးစတမ်း ခုခံစစ် ဆင်နွှဲခဲ့ကြခြင်းအပေါ် မိမိတို့ပါတီက အလေးအမြတ် ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။ တဆက်တည်းတွင် ရှည်လျားကြမ်းတမ်းသော တိုက်ပွဲစဉ်တလျှောက် အသက်၊ ခန္ဓာ၊ ဘဝများ ပေးအပ် စွန့်လွှတ်ခဲ့ကြသော ကရင့်အာဇာနည်အပေါင်းနှင့် ဆက်လက် တိုက်ပွဲဝင်လျက် ရှိကြသော ကရင်အမျိုးသား သူရဲ ကောင်းအပေါင်းအတွက် လေးစား ဂုဏ်ယူမိကြောင်းလည်း ဖေါ်ပြအပ်ပါသည်။
၂။ မိမိတို့ပါတီအနေဖြင့် (၁၉၉၀-၁၉၉၁) အာဏာသိမ်း စစ်အုပ်စု၏ အဓမ္မ ဖျက်သိမ်း ချေမှုန်းခံရစဉ်ကာလ လက်နက် ကိုင် တော်လှန်ရေးအင်အားစုများထံ ရွှေ့ပြောင်း ခိုလှုံရစဉ်ကာလမှ စတင်လျက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မိတ်ကောင်းဆွေမွန် ပီသစွာ လက်တွဲ၊ ဖေးမခံခဲ့ရမှုကိုလည်းကောင်း၊ အဆိုပါ မိတ်ဆွေဆက်ဆံရေးမှတဆင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မွေးရာပါ အမျိုးသားအခွင့်အရေးတို့ အနိုင်ကျင့် ဖျက်ဆီးခံကြရသော တိုင်းရင်း သားပြည်သူတို့၏ ပကတိအခြေအနေများကို ပိုမို သိနားလည်ခွင့်ရခဲ့မှုကိုလည်းကောင်း ထာဝရ မမေ့မလျော့ မှတ် တမ်းတင်ထားမည် ဖြစ်ပါသည်.
၃။ ကရင်အမျိုးသားပြည်သူများအပါအဝင် လူမျိုးစုံဗမာပြည်သူတရပ်လုံးအတွက် လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ တရား မျှတခြင်း၊ ချစ်ကြည်သွေးစည်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရှိခြင်း စသည့် အခြေအနေများ ရရှိခံစားနိုင်ရန် ဆိုပါက ယနေ့ လူမျိုးစုံပြည်သူများ ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ ထမြောက် အောင်မြင်ပါမှ ဖြစ် နိုင်ပေမည်။ ဤတိုက်ပွဲတွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်တကွ ကရင်အမျိုးသားပြည်သူများက လူမျိုးစုံ ပြည်သူများနှင့်အတူ တစိတ်တဝမ်းတည်း တိုက်ပွဲဝင်လျက်ရှိသည်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရ ပေသည်။
၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက် သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နွေဦးတော်လှန်ရေးရည်မှန်းချက်များ အောင်မြင်သည်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် ကရင်အမျိုးသားပြည်သူများနှင့်အတူ၊ လူမျိုး ပေါင်းစုံ ဗမာပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲလျက် ကျရာတာဝန်ထမ်းရင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ၊ ၃၁ ရက်။