(၃၆) နှစ်ပြည့် ပါတီဖွဲ့စည်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်
ယနေ့ (၁၄၊ ၁၀၊ ၂၀၂၄) ရက်နေ့တွင် မိမိတို့ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ၃၆ နှစ် တင်းတင်း ပြည့် ပြီ ဖြစ်သည်။
ပါတီ၏ ခက်ခဲကြမ်းတမ်းလှသည့် ဖြတ်သန်းမှုကြီးအတွင်း အသက်များ၊ ဘဝများ ပေးဆပ်စွန့်လွှတ်ခဲ့ကြ သည့် ပါတီဝင်ရဲဘော်အပေါင်းကို လေးစားတန်ဖိုးထားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ အခက်အခဲ အကြပ်အတည်း ပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက် ပါတီ၏ ဦးဆောင်မှုအောက်တွင် နေရာဒေသအသီးသီး၌ သဏ္ဍာန်အမျိုးမျိုးဖြင့် ယနေ့အထိ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေကြသည့် ပါတီဝင်များ၊ ပါတီလိုလားသူများ အားလုံးကိုလည်း လေးစား လှိုက်လှဲစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ပါတီသည် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်သည့် နိုင်ငံရေးပါတီ ပီသစွာ အ ရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် နိုင်ငံရေးတာဝန်များကို ” ပြည်သူသာအမိ ပြည်သူသာအဖ” ဟူသည့် ဆောင် ပုဒ်ကို ကိုင်စွဲကာ လူမျိုးစုံပြည်သူလူထုကြီး၏ အကျိုးကို တည့်တည့်မတ်မတ် မျက်နှာမူလျက် ကြိုးပမ်းထမ်းရွက်ခဲ့ ကြသည်။ သမိုင်း၏ အချိုးအကွေ့တိုင်းတွင် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အပြည့်အဝရရှိရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမ ခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေး စသည့် ပါတီ၏ အခြေခံမူများအပေါ် အခိုင်အမာ ရပ်ခံပြီး ပြည်သူလူထုကြီးနှင့်အတူ ၃၆ နှစ်တိုင်တိုင် ရဲဝံ့တည်ကြည်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။
ယနေ့ ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးကြီးသည် ဒီရေမြင့်သစ်တခုကို ရောက်ရှိနေသည်ဟု ပါတီက ရှုမြင်ပါသည်။ နွေဦးတိုက်ပွဲသည် လူမျိုးစုံပြည်သူလူထုကြီးအဖို့ အဆုံးသတ်တိုက်ပွဲ ဖြစ်သည်၊ လူထုက နိုင်ကိုနိုင် မည့် တိုက်ပွဲဖြစ်သည်ဟု ပါတီက အခိုင်အမာ ယုံကြည်ပါသည်။
အာဏာသိမ်းစစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးစသည့် ဘက်အသီးသီးတွင် ကျရှုံး ပြိုဆင်းနေပြီဖြစ်သည်။ လူမျိုးစုံပြည်သူလူထုကြီးနှင့် တော်လှန်ရေးအင်အားစုအသီးသီး၏ သဏ္ဍာန်အမျိုး မျိုးသော ခုခံဆန့်ကျင် တော်လှန်စစ်ပွဲများကို နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် အချိန်နှင့်အမျှ ရင်ဆိုင်နေရပြီ ဖြစ် သည်။ အာဏာသိမ်းစစ်ကောင်စီသည် လက်ငင်းရင်ဆိုင်နေရသည့် အကြပ်အတည်းမှ ဖောက်ထွက်နိုင်ဦးမည်ဟု ယူဆပြီး အယုတ်မာဆုံး၊ လူမဆန်ဆုံး၊ အကောက်ကျစ်ဆုံး နည်းလမ်းများကို အသုံးပြု ကျူးလွန်နေပြီ ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ရွာများတွင် လူထုကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ပြီး လူထုနှင့်တော်လှန်ရေးအင်အားစုများကို ရန်တိုက်သွေးခွဲခြင်း၊ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး ဖိတ်ခေါ် စာ ဆိုသည်ကို ထုတ်၍ တော်လှန်ရေးအင်အားစုများကို လက်နက်ချအညံ့ခံစေခြင်း၊ ၂၀၀၈ ခြေဥကို ပြင်မည်၊ ရွေး ကောက်ပွဲတွင် PR စနစ် ကျင့်သုံးမည်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမည်၊ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာ လွှဲမည် စသည့် အာဘော်အချို့ကိုထုတ်ပြီး တော်လှန်ရေးအင်အားစုများကြား အတွေးအခေါ်အရ ရှုပ်ထွေးဝေဝါး စေရန်၊ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေရန်ကြံစည်ခြင်း၊ စစ်မှုထမ်းဥပဒေထုတ်၍ လူငယ်မျိုးဆက်များအပေါ် နည်းမျိုးစုံသုံး အကြပ်ကိုင်ပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း စသည်တို့ကို စစ်ကောင်စီက တမျိုးပြီးတမျိုး ဆက်တိုက် ဆောင်ရွက်လျက် ရှိသည်။ စစ်ကောင်စီက ဆောင်ရွက်လာမည့် နည်းသဏ္ဍာန်မှာ ရွေးကောက်ပွဲအတု နှင့် တွေ့ဆုံဆွေးနွေးရေးအတု ဖြစ်ပြီး ရည်မှန်းချက်မှာ တော်လှန်ရေးကြီးနှင့် ပြည်သူလူထုကို စစ်အာဏာရှင်စနစ် နှင့် ၂၀၀၈ ခြေဥအောက်သို့ ပြန်ပို့ရေးပင် ဖြစ်သည်ဟု မိမိတို့ပါတီက သုံးသပ်ရှုမြင်ပါသည်။
မိမိတို့အင်အားစုအသီးသီးနှင့် လူထုကြီးအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်များ၊ ခြေလှမ်းများ၊ အကြံအ စည်ဆိုးများအပေါ် တော်လှန်ရေးအသိး တော်လှန်ရေးသတိ ကြီးကြရမည် ဖြစ်ပါသည်။
မိမိတို့ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ဖြစ်သည့် စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တ ရား) ကို တစမကျန် ဖျက်သိမ်းပစ်ကြရပါမည်။ စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားသည့် ၂၀၀၈ ခြေဥကို အပြီးအပိုင် ဖျက်သိမ်းပစ်ကြရပါမည်။ အမျိုးသားတန်းတူခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက်ကြရပါမည်။ ဤ ၃ ချက်သည် နွေဦးတော်လှန်ရေးကြီး၏ အန္တိမရည်မှန်းချက်များဖြစ်ပြီး လူမျိုးပေါင်းစုံလူထုကြီး၏ ပြင်းပြသည့် ဆန္ဒသဘောထား လည်း ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။
ဤ ရည်မှန်းချက် ၃ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစု အ သီးသီးအနေဖြင့် ဘုံသဘောတူညီချက်များ၊ ဘုံလုပ်ငန်းစဉ်များ ချမှတ်နိုင်ကြလိမ့်မည်ဟု မိမိတို့ပါတီက မျှော်လင့် ယုံကြည်ပါသည်။ ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ကြပြီး ဘုံသသောထားရပ်တည်ချက်ကို အမြန်ဆုံး ချ မှတ်ဆောင်ရွက်ကြဖို့ အလေးအနက် ပန်ကြားတိုက်တွန်းအပ်ပါသည်။ မိမိတို့ပါတီအနေဖြင့် လူထုကြီးနှင့်အတူ၊ မိတ်ဖက်အင်အားစုအသီးသီးနှင့်အတူ အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားမည်ဟု အလေးအနက် ကတိသစ္စာ ပြုပါ သည်။
ဘုံသဘောထားကို ချမှတ်၊ စစ် ၃ စစ် ကို အမြစ်ဖြတ်။ စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။ အရေးတော်ပုံ အောင်ရမည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။