ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း(၁၃)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၁၀၊ ၄၊ ၂၀၂၂ နေ့သည် ရက္ခိုင့်တပ်တော် (AA) စတင် တည်ထောင်ခဲ့သည့် (၁၃) နှစ်ပြည့် နေ့ထူးနေ့မြတ်အဖြစ် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ၊ ဝမ်းမြောက်စွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။
၂။ ၁၉၉၇ မှ စတင်၍ ၂၀၀၉ အထိ (၁၂) နှစ်တာလုံး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် မျိုးချစ် ရခိုင် လူငယ်၊ လူလတ်များ၏ မဆုတ်မနစ်အားထုတ်မှုများကို အခြေခံလျက် ရခိုင်ပြည်သူ ပြည်သားတို့၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် တာဝန်ထမ်းရွက်မည့် ရက္ခိုင့်တပ်တော်အား အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ခြင်းကို လည်းကောင်း၊
၂၀၁၅ ခုနှစ်မှ စတင်၍ ယနေ့အထိ (၇) နှစ်တာ လက်နက်ကိုင် တိုက်ပွဲများအတွင်း ရခိုင်လူထုထံမှ ကြီးမားသော ထောက်ခံ၊ အားကိုးမှု ရရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့သော ရက္ခိုင့်တပ်တော်၏ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုများ ကိုလည်းကောင်း၊
မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြု၊ မှတ်တမ်းတင်အပ်ပါသည်။
၃။ ရက္ခိုင့်တပ်တော် (AA) ၏ ရခိုင်ပြည်သူပြည်သားများကို ကာကွယ်ရေး၊ ရခိုင်ပြည်၌ ငြိမ်းချမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စီးပွားတိုးတက်ရေး၊ မတရားမှု ပပျောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသော မှန်ကန်သည့် နိုင်ငံရေး ဦးတည်ချက်များကြောင့် ရခိုင်အမျိုးသားပြည်သူတို့၏ ယုံကြည်ထောက်ခံမှုကို ကြီးမားစွာ ရရှိခဲ့သည်ဟု သုံးသပ်မိ ပါသည်။
၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမ’ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တရပ် ပေါ်ပေါက်လာသည်အထိ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်တို့နှင့်တကွ ရခိုင်အမျိုးသားပြည်သူများ၏ မိတ်ဆွေအင်အားစုအဖြစ် လက်တွဲဆောင်ရွက်သွားမည် ဟု ကတိဓိဋ္ဌာန်လျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။ ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်။