၂၀၁၆၊ မတ်လ ၂၂ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတရပ်ကို ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။
စုဆုံပွဲသို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်၊ ပခုက္ကူခရိုင်တို့မှ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခရိုင်ကွန်ရက်မှာမူ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ကျင်းပမည့် နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်းအနားကို ဦးဆောင် ကျင်းပရမည့်တာဝန်နှင့် အလုပ်များနေသည့်အတွက် ဤစုဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပါ။
ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်ပါသည်။ ကွန်ရက်တွင် ပါတီမှ ကိုယ် စားလှယ်၂ ဦး ပါဝင်ပြီး ယခုစုဆုံပွဲတွင် ပါတီကိုယ်စားလှယ် ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
စုဆုံပွဲတွင် ကွန်ရက်အသီးသီးက မိမိတို့ဒေသများတွင် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြခဲ့ကြပြီး ဆရာကြီး၏ ငြိမ်းချမ်းရေး မူဝါဒကို ကိုင်စွဲကာ ဆက်လက်လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ကွန်ရက်အဖွဲ့ဝင်များသည် မတ်လ ၂၃ ရက်နေ့တွင် ကျရောက်သော နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့အခမ်းအနားကို တက်ရောက်ကြပြီး ဆရာကြီးတမ်းတမျှော်လင့်ခဲ့သည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။