၂၀၁၂ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၏ ပြင်ဆင်ချက်အချို့အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့်ကိစ္စနှင့် ပါတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Myanmar Press Freedon Center ၌ ၂၀၁၉၊ မေလ၊ ၂၀ရက် နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ဤသတင်းစာရှင်းလင်းပွဲကို အလုပ်သမားအဖွဲ့ချုပ်များအပါအဝင် အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း ၁၃ ဖွဲ့က စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အလုပ်သမား အငြင်းပွားမှုဖြေရှင်းခြင်းဥပဒေတွင် ပြင်ဆင်ချက်များ စတင်ရေးဆွဲစဉ်ကပင် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အလုပ်သမားများကိုယ်စား သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီများ၊ ဝန်ကြီးဌာနတာဝန်ရှိသူများအား ချဉ်းကပ်၍ အလုပ်သမားအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ယင်းတင်ပြချက်များသည် အလုပ်သမားထု၏ သဘောထားဆန္ဒ၊ အမှန်လိုလားချက်များဖြစ်ကြောင်းကို အစိုးရနှင့် လွှတ်တော်တို့သိရှိစေရန်အတွက် အလုပ်သမားဆန္ဒထုတ်ဖော်ပွဲများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါသည်။ သို့သော်လည်း ယခုပြင်ဆင်ချက်များသည် အလုပ်သမားထုဆန္ဒကို မျက်ကွယ်ပြု၍ လုပ်ငန်းရှင်များအလိုကျ ရေးဆွဲပြဋ္ဌာန်း အတည်ပြုလိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းပါအချက်များနှင့် ILO Convention 98 ၏ စုပေါင်းတောင်းဆိုမှု၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အလုပ်သမားများ၏အခွင့်အရေး စသည့် အာမခံချက်နှင့် ရပိုင်ခွင့်များ ဆုံးရှုံးသွားရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ DPNS အလုပ်သမားရေးရာကော်မတီ တာဝန်ရှိသူများနှင့် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။