၇၊ ၇၊ ၂၀၁၇ ရက်နေ့တွင် ကျရောက်သည့် ၅၅ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်၌ ကျင်းပခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ် ၂ ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။
အခမ်းအနား၌ ၇-ဇူလိုင်တွင် ကျဆုံးခဲ့သည့် ကျောင်းသားရဲဘော်များအား ဦးညွတ်အလေးပြုပြီးနောက် ဗကသများအဖွဲ့ချုပ်၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါသည်။ သမဂ္ဂအဆောက်အဦးနှင့် ပတ်သတ်သည့် ဗကသများအဖွဲ့ချုပ်၏ သဘောထားကိုလည်း ဗကသဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ထက်အောင်က ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့ကလည်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။