လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လေ့လာရေးနှင့် သုတေသနဌာနက ပြုစုထားသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး” စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် “ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် အခြေခံဥပဒေ” နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၉၊ ဧပြီ၊ ၂၉ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာအုပ်မိတ်ဆက်ပွဲတွင် ပါတီဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က စာအုပ်ထုတ်ဝေရခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြ၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ဤစာအုပ်၌ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပယ်ဖျက်သင့်၊ ပြင်ဆင်သင့်၊ ပြန်လည်စဉ်းစားသင့်၊ ဖြည့်စွက်သင့်သည့်သည့် ဥပဒေပုဒ်မများ၊ လက်တွေ့မဆောင်ရွက်သေးသည့် ဥပဒေပြဋ္ဌာန်းချက်များကို ဖော်ပြထားပါသည်။
ဒုတိယပိုင်းအစီအစဉ်အဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှရွှေ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဦးအောင်ဝါတို့က သဘောထားအမြင်များ ပေးပို့ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ပြည်ထောင်စုရှေ့နေနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ လူ့ဘောင်သစ်လူငယ်၊ ကချင်ဒီမိုကရက်တစ်ပါတီတို့မှ ခေါင်းဆောင်များက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲအကျိုးဆောင်အဖြစ် အသံအဖွဲ့မှ ကိုရဲဝေဖြိုးအောင်က ကူညီဆောင်ရွက်ပေးခဲ့ပါသည်။