၂၀၁၇၊ မေလ ၃၀ ရက်နေ့ ည ၉းဝ၀ နာရီတွင် ထုတ်လွှင့်ခဲ့သည့် VOA တိုက်ရိုက်လေလှိုင်းအစီအစဉ်မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ အင်တာဗျူး ( မေးမြန်းသူ ကိုသားညွန့်ဦး)
Q – ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ အခြေအတင်ဖြစ်ခဲ့ရတဲ့ စကားရပ်တစ်ခုနဲ့ပတ်သက်ပြီး အခြေခံဆွေနွေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတငွ်းမှာ ပြည်ထောင်စုကနေပြီးတော့ ခွဲမထွက်ရဆိုတဲ့ အသုံးအနှုန်းပေါ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကြားမှာ အတော်လေးကို အခြေအတင် ဆွေးနွေးခဲ့ရပြီးတော့ နောက်ဆုံးမှာ ဘဘောတူညီချက်လည်းမရဘဲ ညီလာခံကို အဆုံးသတ်ခဲ့ရပါတယ်။ ဖွံဖြိုးပြီးတော့ ဒီမိုကရေစီရှင်သန်မယ့် ပြည်ထောင်စုတစ်ရပ် သဘောတူဖွဲစည်းကြဖို့ရာ ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားသင့်သလား။ ခွဲမထွက်ရဆိုတဲ့ အာမခံချက်ပဲ ထားသင့်သလား။ ဒီအသုံးအနှုန်းကို အလေးပေး ဆွေးနွေးနေခြင်းအားဖြင့်ရော လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်ဖို့ တကယ်ပဲ ထိရောက်အသုံးတည့်ပါ့မလား။ ဒီအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးသုံးသပ်မှာပါ။
ဦးအောင်မိုးဇော် ခုနက ဒေါက်တာအေးမောင်ကတော့ ပြောသွားတာရှိပါတယ်။ ဦးအောင်မိုးဇော်ရဲ့ အမြင်လည်း သိချင်ပါတယ်။ တစ်ဆက်တည်းပဲ ကျွန်တော်မေးချင်တာက ဒီခွဲမထွက်ရဆိုတဲ့ စကားလုံးနဲ့ ဒီကိစ္စကို အလေးပေးဆွေးနွေးနေခြင်းအားဖြင့်ရော ငြိမ်းချမ်းရေးရှေ့ဆက်ဖို့အတွက် တကယ်တမ်း ထိရောက်အသုံးတည့်ပါ့မလား။ အဲဒါလေးပါ တစ်ဆက်တည်းဖြေပေးပါ ဦးအောင်မိုးဇော်။
A – တစ်ခုလုံး နိုင်ငံရေးအခြေအနေအရ ကျွန်တော့်အမြင်ကို ပြောမယ်ဆိုရင် ဒီခွဲထွက်ခွင့်ရှိရေး၊ မရှိရေးအပေါ်မှာ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်ခံဖို့ခက်တဲ့ကိစ္စက ကနေ့တိုင်းပြည်ရဲ့ခေါင်းဆောင်မှုပေါ့နော်။ တပ်မတော်လည်း ပါမယ်၊ ကနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေလည်း ပါမယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုပေးဖို့ ခက်တဲ့အပေါ်မှာ ဒီခွဲထွက်ခွင့် သုံးရေး၊ မသုံးရေးဆိုတဲ့ကိစ္စဟာ ပြဿနာရှိလာတယ်လို့ ကျွန်တော့်အနေနဲ့တော့ ယူဆတယ်။ ပင်လုံကိစ္စဖြစ်တဲ့အခါမှာ ခုနကလို ခွဲထွက်ခွင့်ကိစ္စကို တစ်စုံတရာ ကျွန်တော်တို့ ဒီတိုင်းပြည် အဲ့ဒီကာလက ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့တယ်။ သို့သော်လည်းပဲ ချောချောမွေ့မွေ့ ပြီးသွားတယ်။ အဲဒါက ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော့်နားလည်မှုက အဲဒီကာလမှာရှိတဲ့ တိုင်းရင်းသားဘက်က ခေါင်းဆောင်တွေအနေနဲ့ရော အဲဒီကာလမှာရှိတဲ့ အစိုးရကိုတာဝန်ခံတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော တိုင်းပြည်လွတ်လပ်ရေးက ပထမဆိုတဲ့ စဉ်းစားမှုပါ။ ဒုတိယတစ်ခုက အဲဒီသူတို့ရဲ့နောက်ကွယ်မှာ ဘာအကျိုးစီးပွားမှ မရှိဘူး။ တိုင်းပြည်လွတ်လပ်ရေးဆိုတာပဲ ရှိတယ်။ ဒီတစ်ခုအပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်တော့ အဲဒီလိုယူဆတယ်။ ဒါက တစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက်က အခု နှစ်ပေါင်း (၆၀-၇၀) ဖြစ်သွားပြီ။ တိုင်းရင်းသားအင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အဆက်ဆက်ပြောင်းသွားပြီ။ အဲဒီကြားမှာနဲ့ ကနေ့ ဗမာ့တပ်မတော်ကြားမှာဖြစ်တဲ့ ပဋိပက္ခကလည်း အရမ်းကြီးသွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားမှုတွေ၊ စိတ်ခံစားမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့၊ တစ်ဘက်နဲ့ တစ်ဘက်ရဲ့ မကျေလည်မှုတွေကလည်း အရမ်းကြီးသွားတယ်။ လောလောဆယ်မှာ ပြေလည်ဖို့တော်တော်ခက်တဲ့ အနေအထားမှာ ရှိတယ်။ အဲလိုအခြေအနေမျိုးမှာတောင်မှ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့အခါမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတွေကြားမှာ တစုံတရာ ခြားနားထားတဲ့ တံတိုင်းကြီးက ပယ်ဖျက်သွားနိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ အဲဒါ ဘာကိုပြောချင်လဲဆိုရင် (မဒမခ) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (၁၉၈၈) နောက်ပိုင်းမှာ ပေါ်လာတယ်။ အဒီကာလတုန်းကဆိုရင် KNU မှာ ဆိုလည်း ဗိုလ်ချုပ်ကြီးစောဘိုမြတို့ ရှိတယ်။ KIO မှာဆိုလည်း ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ ရှိတယ်။ မွန်ပြည်သစ်ပါတီမှာဆိုလည်း ဥက္ကဋ္ဌ နိုင်ရွှေကျင် တို့ရှိတယ်။ အဒီခေါင်းဆောင်ကြီးတွေပါတဲ့ ဒီလိုတပ်ပေါင်းစု အဖွဲ့အစည်းကြီးတွေမှာတောင်မှ အဲဒီတုန်းက (မဒမခ)ရဲ့ ရည်မှန်းချက်ထဲမှာ တစ်ခုက ဘာလဲဆိုတဲ့အခါကျတော့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးဆိုတာ ဖြစ်တယ်။ ကျွန်တော် ခံစားရတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စုဆိုတာ ခုပြောနေတဲ့ ဖက်ဒရယ်ဆိုတာထက်တောင်မှ စဉ်းစားမယ်ဆိုရင် နည်းနည်း ပိုနိမ့်သလားလို့ ကျွန်တော်ခံစားရတယ်။ တိုင်းရင်းသားအင်အားစုတွေက ဗမာပြည်ထဲက ခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီမှု တစ်စုံတစ်ရာရှိတယ်။ အဲတုန်းကရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက အဲဒီခေတ်ကာလ နိုင်ငံရေးအခြေအနေပေါ်မှာ တစ်စုံတစ်ရာမျှော်လင့်ချက် ရှိခဲ့တယ်၊ တစ်စုံတစ်ရာယုံကြည်မှုရှိခဲ့တယ်ဆိုတာကို ပြတာပဲ။ ကနေ့ကာလ နိုင်ငံရေးအခြေအနေပေါ်မှာ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုတစ်စုံတစ်ရာ ကနေ့အခြေအနေကြီးပေါ်မှာ လျော့ကျသွားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။