ပြည်သူ့မျှော်လင့်ချက် မဖြည့်ဆည်းနိုင်ရင် အစိုးရအပေါ် ယုံကြည်မှုကျလာနိုင်တယ်
NLD အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် လွှတ်တော်ဆောင်ရွက်နေမှုများအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်အား တွေ့ဆုံမေးမြန်းခဲ့သည်။
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်သူတွေအတွက် ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားပေးပါခင်ဗျာ။
ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလ ကစပြီးတော့ ပါတီတည်ဆောက်ရေးကိစ္စ၊ စုစည်းရေးကိစ္စနဲ့ ကျွန်တော်တို့ပါတီရဲ့ အသံတွေ၊ မူဝါဒ တွေကို လူထုထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရေးအတွက်ကို ဦးတည်ချက်ထားပြီးတော့ ပါတီ တည်ဆောက်ရေးကိစ္စကို ဆောင်ရွက်နေပါတယ်။ ပါတီတည်ဆောက်ရေးကိစ္စကို အဓိကထားပြီး ဆောင်ရွက်နေတယ်ဆိုပေမယ့် ပါတီတည်ဆောက်ရေးကိစ္စမှာ လက်တွေ့ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ပြည်သူတွေရဲ့ ခံစားမှုတွေ၊ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ကင်းလွတ်ပြီးတော့ တည်ဆောက်လို့ မရဘူး။ တည်ဆောက်တဲ့အခါမှာ ပါတီလုပ်ငန်းနှင့်အတူ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ ဖြစ်နေတဲ့ တောင်သူသမားတွေရဲ့ မြေသိမ်းယာသိမ်းကိစ္စတွေ၊ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးဆိုင်ရာကိစ္စတွေ၊ ဒီလိုမျိုးတွေမှာ တတ်နိုင်သမျှကူညီနိုင်ဖို့ အလုပ်လုပ်နေပါတယ်။ နောက်တစ်ခုက အလုပ်သမားတွေရဲ့ နေ့စဉ်ဘဝ၊ အကြပ်အတည်းတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်တဲ့ တိုက်ပွဲတွေ၊ ဒီကိစ္စတွေမှာလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတယ်။ ဥပဒေအရပဲဖြစ်ဖြစ် အကူအညီပေးနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဒါပေမယ့် အလုပ်သမားလှုပ်ရှားမှုနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားနည်းကောင်း အားနည်းနိုင်တယ်။ လယ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ကတော့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခုက ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသားလှုပ်ရှားမှုတွေမှာ ကျွန်တော်တို့ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်။ ဥပမာ NNER မှာဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ ဆောင်ရွက်ပေးတယ်။ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကိစ္စ၊ ကျောင်းသားသမဂ္ဂ ပြန်ဆောက်ရေးကိစ္စမျိုးတွေမှာ ကျွန်တော်တို့ပါတီက ရဲဘော်တွေက တတ်နိုင်သမျှ ပါဝင်ပြီးတော့ ဆောင်ရွက်နေတယ်။ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ပါတီရဲ့ တည်ဆောက်ရေးကိစ္စတွေ လုပ်နေတယ်။ ကျွန်တော်တို့ပါတီက ငြိမ်းချမ်းရေးကိစ္စဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ ပြောသင့်ပြောထိုက်တဲ့ကိစ္စတွေကို ပါတီအနေနဲ့ သဘောထားထုတ်ပြန်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲလုပ်လို့ပဲဖြစ်ဖြစ်၊ လိုအပ်လို့ရှိရင် သဘောထားတွေ ထုတ်ပြန်နေတာတွေ ရှိပါတယ်။ ပါတီအနေနဲ့ အရေးကြီးကိစ္စတွေကို ဆောင်ရွက်နေတာက ဒီမိုကရေအင်အားစုတွေကြားထဲမှာ စုစည်းမှု၊ စက်စပ်မှုတွေ ပိုပြီး အားကောင်းအောင်၊ ပိုပြီး ခိုင်မာအောင်လို့ ယနေ့အချိန်ကာလမှာ ပိုပြီး ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။ လက်ရှိအနေအထားမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရ တက်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ တပ်မတော်က သူ့အခန်းကဏ္ဍနဲ့သူ ရှိနေတယ်။ ဒီလိုအခြေအနေမျိုးအောက်မှာ ပြည်သူတွေရဲ့ လိုအပ်ချက် စိန်ခေါ်မှုတွေက ပိုပြီးသာတယ်။ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ဆိုတာက ပိုတွေ့လာသလို ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ပါတီတစ်ခုခုကပဲ ဖြစ်ဖြစ်၊ ဘယ်ပါတီ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ တစ်ခုတည်း တစ်ဖွဲ့တည်းဖြေရှင်းဖို့ ခက်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီအတွက် ဒီမိုကရေစီလိုလားတဲ့သူတွေ စုစည်းဖို့က အရမ်းအရေးကြီးတယ်။ အဲဒီအတွက် ၁၉၅၀ ခုနှစ် နောက်ပိုင်းမျိုးဆက်က နိုင်ငံရေးသမားတွေ၊ ၂၀ဝ၇-ဝ၈ နိုင်ငံရေးမျိုးဆက်တွေ စုစည်းရင် သင့်တော်မယ်လို့ထင်လို့ ဒီလုပ်ငန်းကို အားစိုက်ပြီးတော့ ဆောင်ရွက်နေတယ်။ ပထမတစ်ကြိမ်တော့ အင်အားစု တော်တော်များများပါတဲ့ ဆွေးနွေးပွဲကို လုပ်ပြီးသွားပြီ။ ယနေ့ကာလမှာတော့ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့အတွက် တွန်းတင်ဖို့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးအင်အားစု ဖြစ်ချင်ဖြစ်မယ်။ ပါတီဖြစ်ချင်ဖြစ်မယ်။ CSO ဖြစ်ချင်ဖြစ်မယ်။ နိုင်ငံရေးအစုအဖွဲ့ ဖြစ်ချင်ဖြစ်မယ်။ တစ်သီးပုဂ္ဂလနိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒီတက်ကြွလှုပ်ရှားသူ တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအရေးကြီးနေတယ်လို့ ယူဆတယ်။ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် စတင်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ပါတီတစ်ခုထဲက လုပ်တာတော့ မဟုတ်ဘူး။ မှိုင်းငြိမ်းကွန်ရက်တို့၊ ကျွန်းပြန်တွေ၊ ၇၄/၇၅ က နိုင်ငံရေးအုပ်စုတွေ၊ ဗကသက ရဲဘော်တွေ ဒီ အင်အားစုတွေပေါင်းပြီးတော့ ဆောင်ရွက်ကြဖို့၊ နောက်ပြီးတော့ ၉၆/၉၈ အင်အားစုအကုန်လုံးတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ အမြင်တူတဲ့ ရဲဘော်တွေ စုပြီးတော့ လုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်။ တိုင်းရင်းသားအင်အားစုဖြစ်တဲ့ SNLD တို့ UNA တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ စတင်ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်။
အစ်ကိုတို့ပါတီအနေနဲ့ မြေယာကိစ္စတွေ ဆောင်ရွက်နေတယ်ဆိုတော့ လက်ရှိအစိုးရလက်ထက်မှာ မြေယာကိစ္စတွေ ဖြေရှင်းမှုအပေါ်မှာ အားရကျေနပ်မှုရှိပါသလားခင်ဗျာ။
သိပ်ပြီးတော့ ထူးထူးခြားခြားမရှိဘူးလို့ ကျွန်တော်ထင်တယ်။ တချို့ ပြန်ပြီးတော့ ပေးရမယ်လို့ သဘောထားကျသွားတာတွေ ရှိတယ်။ တကယ်အသိမ်းခံရတဲ့ ကာယကံရှင်တွေလက်ထဲကို ပြန်ရောက်တာ မတွေ့ရသေးဘူး။ မတွေ့ရသေးတဲ့အဖြစ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေတယ်။ တချို့လည်း ရကောင်းရမယ်။ ဒါပေမယ့် သိမ်းထားတာထက်စာရင် ပြန်ရတာတွေက နည်းနေတယ်။ ရတဲ့သူတွေက တကယ်ဆုံးရှုံးခဲ့တဲ့သူတွေ မဟုတ်ဘူးဖြစ်နေတယ်။
တကယ်ပြန်ရတဲ့သူတွေက တကယ့်ကာယကံရှင် မဟုတ်ဆိုတာက ဘယ်လိုမဟုတ်တာလဲခင်ဗျာ။
ပြောရမယ်ဆိုရင် ဥပမာ-ကျွန်တော်တို့ ဧရာဝတီတိုင်းမှာဆိုရင် ဒီအစိုးရတက်ပြီးခါစက ဒုသမ္မတကိုယ်တိုင် လာတယ်။ အသိမ်းခံရတဲ့ လယ်ယာမြေတွေကို ပြန်ပေးတယ်ဆိုပြီးတော့ အခမ်းအနားလုပ်ပေးတယ်။ လက်တွေ့ကျတော့ နဂိုမူလပိုင်ဆိုင်တဲ့သူတွေလက်ထဲကို မရောက်ဘဲနဲ့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေလက်ထဲကို ရောက်သွားတာတွေ့ရတယ်။ ကာယကံရှင်စစ်စစ်တွေ မဟုတ်ဘူးလို့ ပြောရခြင်း ဖြစ်ပါတယ်။
အစိုးရဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုတွေအပေါ်ကို အစ်ကိုအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲခင်ဗျာ။
ကျွန်တော်ပထမဆုံးပြောချင်တာက ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာတဲ့ အခြေအနေပေါ့။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ရှိမရှိ ပထမဆုံး ဆန်းစစ်ချင်တယ်။ ဆိုလိုချင်တာက အရင်ဆုံး ဆန်းစစ်ကြပါစို့ဗျာ။ လွှတ်တော်ရှိတယ်။ အုပ်ချုပ်ရေးရှိတယ်။ တရားစီရင်ရေးမဏ္ဍိုင်ရှိတယ်။ ဒီသုံးခုက ဒီမိုကရေစီစနစ်မှာ အပြန်အလှန်ထိန်းကျောင်းမှုရှိတယ်။ ဒါပေမယ့် လွှတ်တော်က အုပ်ချုပ်ရေးအောက်ကို ရောက်လာသလို ဖြစ်နေတယ်။ လွှတ်တော်နဲ့အစိုးရ ဆိုပါစို့။ လွှတ်တော်နဲ့ အစိုးရ ဆိုတာက သီးခြားစီရှိဖို့ လိုတယ်။ အာဏာရပါတီပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် လွှတ်တော်ကို မလွှမ်းမိုးဖို့ လိုတယ်။ ကျွန်တော်မြင်နေတာက အဲဒီအခြေအနေ ဆုတ်ယုတ်နေတယ်လို့ မြင်တယ်။ လွှတ်တော် ကိုယ်တိုင်က အစိုးရအကြပ်အတည်းမတွေ့အောင်လို့ ဘာမှမဆောင်ရွက်ဘူး။ ယေဘုယျကြည့်မယ် ဆိုရင် အဲဒီလိုပဲ ပြောလို့ရတယ်။ အစိုးရငြိုငြင်မှာကို ကြောက်နေတယ်။ ဒီလိုအနေအထားမျိုး ဖြစ်နေတယ်။ အစိုးရက သဘောတူမှ လွှတ်တော်ကလုပ်ရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဒါကတော့ ကျွန်တော်တို့ အပြင်ကနေ အမြင်ပေါ့။ ကိုယ်ကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ မရှိတဲ့အတွက် အပြင်အမြင်အရ ပြောမယ်ဆိုရင် လွှတ်တော်က အစိုးရရဲ့အောက် အာဏာရပါတီရဲ့ အောက်ကို ရောက်နေတယ်လို့ ထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့ ပါတီခေါင်းဆောင်က လွှတ်တော်ကိုယ်စားလှယ်တွေနေတဲ့နေရာမှာ သွားနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမိန့်ပေးနေတယ်။ အဲဒါက အသေအချာ အတိအကျပဲ။ အဲဒီလို ကိစ္စတွေက ဒီမိုကရေစီပွင့်လင်းမှုကို အများကြီး အနှောက်အယှက်ဖြစ်စေတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒီမှာဆက်ပြီး ပြောချင်တာက ရွေးကောက်ပွဲကတိတွေ ရှိတယ်။ ရွေးကောက်ပွဲကတိမှာ ကြီးကြီးမားမား သုံးခုရှိတယ်။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်တယ်။ အခု နှစ်နှစ်ရှိပြီ။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မကြားရဘူး။ ဒီနေ့ တိုင်းပြည်ရဲ့ အခက်အခဲက အခြေခံဥပဒေကြောင့်ဖြစ်နေတယ် ဆိုတာကို လူတိုင်းသိတယ်။ အဲဒါတွေက သူတို့ရဲ့မဟာဗျူဟာကြောင့်လားတော့ မသိဘူး။ အခုအချိန်အထိ လွှတ်တော်ထဲမှာ ပြုပြင်ရေးတို့၊ ပြင်ဆင်ရေးတို့ဆိုတဲ့ အသံတွေ အခုချိန်ထိ ဘာသံမှ မထွက်သေးဘူး။ ဒီကိစ္စက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဦးသိန်းစိန်အစိုးလက်ထက် ဦးရွှေမန်းတို့၊ ဦးခင်အောင်မြင့်တို့ လက်ထက်မှာတောင် အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို ဖွဲ့တယ်။ အဓိပ္ပါယ် ဖွင့်ဆိုတာတွေ လုပ်တယ်။ နောက်ဆုံးကျမှဗျာ စကားလုံးတစ်လုံး ပြင်တာတို့ဆိုတာတွေ ရှိတာပေါ့။ အနိမ့်ဆုံးအဆင့် အသံတွေထွက်နေသေးတယ်။ အခု ဒီနှစ်နှစ်အတွင်းမှာ အဲဒီအသံတွေ မကြားရသေးဘူး။ အချိန်မကျသေးလို့ မပြောတာလားတော့ မသိဘူး။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာက အရေးကြီးတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားလုံးသိတဲ့အတိုင်းပဲ၊ နဂိုအတိုင်းပဲ၊ ဘာမှ မထူးဘူး။ ပိုတိုးလာတာက ရခိုင်ပြဿနာ ပိုတိုးလာတယ်။ နိုင်ငံတကာနဲ့ ကျွန်တော်တို့ မသင့်မတင့် ဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စကလည်းပဲ နောက်ထပ်အင်အားစုတွေ ထပ်တိုးလာဖို့၊ မလာဖို့ ဆိုတာက ငြိမ်းချမ်းရေးဆိုတာက ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေးအဆင့်မှာပဲ ရှိသေးတယ်။ အဲဒီအခြေအနေကလည်း မသေမချာမရေရာ ဖြစ်နေတယ်။ ဆက်ကြည့်ကြပါစို့။ တရားဥပဒေ စိုးမိုးရေးကိစ္စဆိုတာက ရွေးကောက်ပွဲကတိတစ်ခုပါ။ ကြည့်လိုက်ပါ။ မနေ့တစ်နေ့က နေပြည်တော်မှာ ဝန်းကြီးဟောင်းတစ်ယောက်ရဲ့သားက မူးယစ်ဆေးဝါးတွေရော လက်နက်တွေနဲ့မိတယ်။ လိုက်ရှာဖွေတော့ သိမ်းဆည်းရမိတဲ့လက်နက်တွေက တပ်စုတစ်စုစာလောက်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒါ သူတစ်ယောက်ထဲနော်။ အဲဒီလိုမျိုး ဘယ်နှယောက်ရှိနေမလဲဆိုတာကို ကျွန်တော်မပြောတတ်ဘူး။ ဦးကိုနီကိုသတ်တဲ့ကိစ္စဆို တစ်ကမ္ဘာလုံးမှာ အထင်အရှားဖြစ်တဲ့ကိစ္စ၊ ခုချိန်အထိ မဖြေရှင်းနိုင်သေးဘူး။ အဲဒီလို အနေအထားက တိုင်းပြည်မှာ တကယ်ဖြစ်နေတာ၊ သာမန်ပြည်သူတွေရဲ့ လုံခြုံရေးကို စဉ်းစားကြည့်မယ်ဆိုရင် မလုပ်ချင်လို့မလုပ်ကြတာပဲ ဖြစ်မယ်။ လုပ်ချင်လို့ လမ်းသွားနေရင်းနဲ့ ကျွန်တော်တို့ ဝိုင်းရိုက်ရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။ အဲဒီလိုအခြေအနေ ဖြစ်နေတယ်ဆိုတော့ သာမန်ပြည်သူတစ်ယောက်အနေနဲ့ မတွေးဝံ့စရာပါ။ စီးပွားရေးကိုကြည့်ရင်လည်း အရင်က ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ ဒီမိုကရေစီအစိုးရ တက်လာပြီးရင်၊ လူထုက ရွေးချယ်ပြီး တက်လာတဲ့ အစိုးရဖြစ်လာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ကျွန်တော်တို့ပြည်သူတွေ၊ အလုပ်အကိုင်တွေ ပေါများလာမယ်။ ပြည်သူတွေရဲ့ စီးပွားရေးက ဒီထက်ပိုကောင်းလာမယ်။ ဒါပေမယ့် အခုအချိန်အထိ ဘယ်ကမှ မလာဘူး။ မလာဘူးဆိုတာက ကျွန်တော်တို့မှာ အခြေခံအဆောက်အအုံ ဘာမှမရှိလို့၊ နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာရှိတဲ့ ဥပဒေတွေ၊ နောက်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေတွေကို မယုံဘူး။ မယုံတော့ လာဖို့ခက်တယ်။ ချုပ်ပြောရရင်တော့ လုပ်နေကိုင်နေကြတာတော့ လုပ်နေကြတာပဲ။ လုပ်နိုင်ကိုင်နိုင်ဖို့အတွက် နိုင်ငံရေးသမားတွေဆီမှာ တက်ကြွလှုပ်ရှားသူတွေ၊ ပါတီတွေမှာ ရှိနေပေမယ့် အစိုးရက လုပ်နေပေမယ့် အခြေအနေက အဲဒီအတိုင်းကြီး ဖြစ်နေတယ်။
အစ်ကိုပြောသွားသလို ဥပဒေပြုမဏ္ဍိုင်ကြီးက အစိုးရရဲ့အောက်ကို ရောက်နေမယ်ဆိုရင် အနာဂတ် တိုင်းပြည်က ဘာတွေဖြစ်နိုင်ပါသလဲခင်ဗျာ။
အာဏာရပါတီအနေနဲ့ ကိုယ်ကိုယ်ကို ပြန်ပြီးဆန်းစစ်စေချင်တယ်။ အစိုးရလက်အောက်မှာတင် မဟုတ်ဘူး။ ပါတီလက်အောက် ရောက်နေတယ်။ အဲဒါကတော့ ဒီမိုကရေစီအတွက် တော်တော်ရုပ်ဆိုးတယ်လို့ မြင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက မိမိပါတီရဲ့ မူဝါဒတွေကို ထင်ဟပ်ရမှာတော့ ဟုတ်တယ်။ ဒါပေမယ့် သူတို့ကို ရွေးထားတာက ပြည်သူတွေရွေးထားတာ ဖြစ်တယ်။ ပြည်သူတွေရွေးထားတဲ့ ကိုယ်စားလှယ်တွေကို အမိန့်ပေးနေတာတော့ မဖြစ်သင့်ဘူး။ ပြည်သူက အရွေးမခံရတဲ့သူက ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမိန့်ပေးနေတယ်ဆိုတာက ဒီမိုကရေစီနဲ့ လုံးဝမဆီလျော်ဘူး။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကို ပြောမယ်ဆိုရင် မီဒီယာတွေရဲ့ အခန်းကဏ္ဍပဲဖြစ်ဖြစ်၊ CSO တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဆိုတာ ရှိတယ်။ အခုဆိုရင် CSO တွေ တော်တော် ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်လို့ CSO ထဲရောက်နေတဲ့ ကျွန်တော်သူငယ်ချင်းတွေက ပြောပါတယ်။ သူတို့လုပ်ရ၊ ကိုင်ရတာပဲဖြစ်ဖြစ်၊ ငွေကြေးရှာဖွေရတာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ CSO တွေရဲ့အခန်းကဏ္ဍက ဘာမှမရှိသလို ဖြစ်နေတယ်။ ဒါတွေကို CSO မှာရှိနေတဲ့ ရဲ့ဘော်တွေက ပြောပြတယ်။ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် ဗိုလ်ချုပ်ကြီးဟောင်းလေ၊ သူတို့ဦးဆောင်တဲ့ အစိုးရ၊ သူတို့စီစဉ်ထားတဲ့ ပုံသဏ္ဍာန်နဲ့ နိုင်ငံရေးပါတီတွေကို အကောင်အထည်ဖော်တယ်။ ဒီလိုလည်ပတ်ခဲ့တာကို သေချာပြန်ဆန်းစစ်လားဆိုရင် နဂိုအတိုင်းပဲ။ မနေ့တစ်နေ့ကဆိုရင် ကြေညာချက်တွေကို စစ်ဆေးမယ်။ ဥပဒေမညီရင် အရေးယူမယ်ဆိုတာက သူတို့အလုပ်လားလို့ ကျွန်တော်ပြောချင်တယ်။ တရားဥပဒေ လုပ်ထုံးလုပ်နည်းအရဆိုရင် ဒီအတိုင်းပဲ ဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေကို သူတို့တပည့်တွေလို သဘောထားတယ်။ အဲတာတွေက ဒီမိုကရေစီသဘောထားတွေနဲ့ ညီမှမညီတာဘဲ။ အဲဒါတွေကို ပြန်ပြီးတော့ စီစဉ်ရမယ်။ ပြုပြင်ရမယ်ဆိုတဲ့ သဘောထားကို ယနေ့အာဏရပါတီမှာ မရှိဘူးလား၊ ဒီလိုမရှိလို့ ဒီအသံထွက်တာပေါ့။ နဂို ဦးတင်အေးတုန်းကကျတော့ ဝိုင်းဆဲကြတယ်။ သူကျတော့ ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့ အဲဒီအခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်။ သို့သော်လည်း ဒါတွေက ကျွန်တော်တို့လက်တွေ့ ဖြစ်နေတယ်။ ပြည်သူလူထုက သူတို့ကို ရွေးချယ်တင်မြှောက်ထားတယ်။ သူတို့ကိုယ်တိုင်က ကျွန်တော်တို့မိတ်ဆွေတွေဖြစ်တယ်။ သူတို့တစ်တွေ အခု စိန်ခေါ်မှုတွေ ကျော်လွှားနိုင်အောင် ကျွန်တော်တို့ တစ်စုံတစ်ရာတော့ ပံ့ပိုးဖို့လိုတယ်။ ကျွန်တော်တို့ ပံ့ပိုးချင်တယ်။ ကူညီချင်တယ်။ ဒီလိုသဘောထားတွေ ရှိကြလို့လည်း တော်တော်များများက နှုတ်ဆိတ်နေကြတာလို့ ကျွန်တော် ယူဆတယ်။
ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်မဟုတ်တဲ့သူက ထိန်းချုပ်နေမယ် ဆိုရင် လွှတ်တော်က ဘယ်လိုအခြေအနေမျိုး ဖြစ်သွားနိုင်ပါသလဲခင်ဗျာ။
လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က သူတို့သဘောထားကို ဆန့်ကျင်ပြီးတော့ ဘာမှ မပြောရဲ မဆိုရဲ၊ လွှတ်တော်ထဲမှာ မတင်ရဲ၊ သူတို့ခွင့်ပြုမှ တင်ရဲတယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။ အဲဒါက ဒီမိုကရေစီ မဟုတ်သေးဘူး။ ဒီမိုကရေစီနဲ့ ဘာမှမဆိုင်ဘူး။ ဒီမိုကရေစီနဲ့ ဗြောင်ကျကျကို ဆန့်ကျင်နေတယ်။ အဲဒီလိုကိစ္စမျိုးတွေကို အနိုင်ရပါတီအနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်တယ်။ ငါတို့နိုင်လို့ ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတာ မဖြစ်သင့်ဘူး။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းဘူး။ ဒီမိုကရေစီလို့ပြောရင် ဒီမိုကရေစီရုပ်ပျက်တယ်လို့ ပြောချင်တယ်။ (ဆက်လက်ဖော်ပြပါမည်။)