လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဘာတွေကို ယုံကြည်တန်ဖိုးထားသလဲ။
(လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှု)
လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။ တပြိုင်နက်တည်းတွင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်သည်သာလျှင် လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့ကို လက်တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လိင် (ကျား/မ) ဆိုင်ရာတန်းတူမှုနှင့် ငြိမ်းချမ်းလုံခြုံသည့် ဘဝတို့ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထို့ကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီအား တိုးချဲ့မြှင့်တင်ရာတွင် တန်းတူမှုအား အခိုင်အမာ တောင်းဆိုသည်။ အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစား၊ အမျိုသားဓနရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတရပ်လုံး ဖိနှိပ်မှု ယန္တရားများမှ လွတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်မည်။ တရားမျှတမှုအခွင့်အရေးများ လူတိုင်းလူတိုင်း ရရှိစေရမည်။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ လိင်အရ၊ ယဉ်ကျေးမှုအရ ဖိနှိပ်ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်သွားမည်။ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် အခြေခံပြည်သူတို့၏ လူမှုစီးပွါးရေးဘဝများ သာယာစေရမည်။ အဖိနှိပ်ခံ၊ ခေါင်းပုံဖြတ်ခံပြည်သူတို့ဘက်မှ အစဉ်ရပ်တည်မည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဒီယုံကြည်တန်ဖိုးထားမှုများအတွက် ဘာတွေ လုပ်ဆောင်ခဲ့သလဲ။
(ခိုင်မာမှု၊ ရုန်းကန်မှု၊ ပေးဆပ်မှု)
ပါတီဝင်များသည် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း အရေးတော်ပုံတပ်သားကောင်းများအဖြစ် နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ရှေ့တန်းမှ တက်ကြွစွာပါဝင်ခဲ့ကြသည့် အရေးတော်ပုံတပ်သား ကျောင်းသားလူငယ်များ ဖြစ်သည်။ ယနေ့တိုင် အရေးတော်ပုံကြီး၏ တောင်းဆိုချက်ဖြစ်သည့် ဒီမိုကရေစီရရှိရေးအတွက် အကျဉ်းထောင်များ တောတောင်များအား ကျော်ဖြတ်လျက်၊ နယ်စပ်ဒေသအနှံ့ ဖြန့်ကျက်လျက် ဆက်လက်သယ်ဆောင် ရုန်းကန်ခဲ့ကြသည်။ ရဲဘော်ရဲဘက်များ၊ မိသားစုများနှင့် ချစ်သူခင်သူတို့ကို စွန့်လွှတ်ခဲ့ရသည်။ ငယ်ရွယ်နုပျိုမှုများကို ပေးဆပ်ခဲ့ရသည်။ ယနေ့တိုင်လည်း ရုန်းကန်ဆဲဖြစ်သည်။ တိုက်ပွဲဝင်ဆဲဖြစ်သည်။ အရေးတော်ပုံကြီးကား မပြီးဆုံးသေးဟု ပါတီက အလေးအနက် ခံယူပါသည်။ ထို့အတွက် ဆက်လက်၍ ရုန်းကန်ရန်၊ ပေးဆပ်ရန်နှင့် ပြည်သူကို အလုပ်အကျွေးပြုသွားရန် ပါတီသည် အခိုင်အမာ သန္နိဋ္ဌာန်ချထားပြီး ဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဘာတွေဆက်လက် ဆောင်ရွက်မှာလဲ။
(၁) ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုသို့ တက်လှမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့်ပတ်သက်၍
(က) တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ ထိုးစစ်များ ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုသွားမည်။
(ခ) ပြဿနာများရှိလာသည့်အခါတိုင်းတွင် စစ်ပွဲဖြင့်မဖြေရှင်းပဲ ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းသွားရေးကို တောင်းဆိုသွားမည်။
(ဂ) ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေးတို့ကို အပြည့်အဝရရှိရေးအတွက် ရည်ရွယ်ချက်တူ အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်။
(ဃ) အင်အားစုအားလုံး လွတ်လပ်တန်းတူစွာပါဝင်ပြီး မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်ကို ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုညီလာခံကြီး ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ချက်တူအင်အားစုများနှင့် လက်တွဲ ဆောင်ရွက်သွားမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍
ဒီမိုကရေစီကို အပြည့်အဝအာမခံနိုင်သည့်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံနိုင်သည့်၊ ဒီမို ကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို အပြည့်အဝအာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာသည်အထိ လွှတ်တော်ပ၊ လွှတ်တော်တွင်း နည်းလမ်းများဖြင့် ပြင်ဆင်သွားမည်။
(၂) ဒီမိုကရေစီဝန်းကျင်အား ချဲ့ထွင်ရေး
လွတ်လပ်မှု၊ တန်းတူမှုနှင့် တရားမျှတမှုတို့ကို ဦးတည်သည့် ပြည်သူတို့၏ ရုန်းကန်လှုပ်ရှားမှုများအား မှန်ကန်သည်ဟု ယုံကြည်သည်။ ထောက်ခံသည်။ အဆိုပါ လှုပ်ရှားမှုများ အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်းမည်။ ရည်ရွယ်ချက်တူ အင်အားစုများနှင့် ဆက်စပ်ဆောင်ရွက်မည်။
ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေး
လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ စုစည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တို့ကို အစိုးရမှ အခိုင်အမာ အာမခံရမည်။ ထို့ကြောင့် ပါတီသည်
(က) ငြိမ်းစုစီ ဥပဒေ၊ ၎င်းနှင့်ဆက်စပ်လျက်ရှိသော ဥပဒေတို့အား ဖျက်သိမ်းရေးကို တောင်းဆိုမည်။
(ခ) အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ ၎င်းနှင့်ဆက်စပ်လျက်ရှိသော ဥပဒေတို့အား ပြင်ဆင်ရေးကို တောင်းဆိုမည်။
(ဂ) လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအား ထိပါးသော၊ လူမျိုးရေးအရ၊ လိင်အရ ခွဲခြားဆက်ဆံသည်ဟု ယူဆရသော ဥပဒေတို့အား ဖျက်သိမ်းရေးကို တောင်းဆိုမည်။
(ဃ) မတရားသင်း အက်ဥပဒေ ၁၇-၁၊ ပုဒ်မ ၅(ည) တို့ကဲ့သို့သော ဖိနှိပ်ရေးဥပဒေများ ဖျက်သိမ်းရေးကို တောင်းဆိုမည်။
(င) ကိုလိုနီခေတ်၏ ဆိုးမွေတစ်ခုဖြစ်ပြီး နိုင်ငံသားအများစုအား ဒုက္ခပေးလျက်ရှိသော နိုင်ငံသားတို့၏ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်သည့် ဧည့်စာရင်းဥပဒေအား ဖျက်သိမ်းရေးကို တောင်းဆိုမည်။
အကျဉ်းထောင်၊ အကျဉ်းထောင်လက်စွဲဥပဒေတို့နှင့်ပတ်သက်၍
(က) အကျဉ်းထောင်များသည် နှိပ်စက်ညှင်းပမ်းသည့်နေရာများ မဖြစ်စေရပဲ ပြုပြင်တည့်မတ်ထိန်းသိမ်းပေးသည့် စခန်းများဖြစ်လာရေးကို တောင်းဆိုသွားမည်။
(ခ) နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများ၊ ရာဇဝတ်အကျဉ်းသားအခွင့်အရေးများကို တိတိကျကျ ပြဋ္ဌာန်းကျင့်သုံးနိုင်ရေးအပါအဝင် အကျဉ်းထောင်လက်စွဲဥပဒေတခုလုံးကို ဒီမိုကရေစီအခြေခံများနှင့်အညီ ပြင်ဆင်ကိုင်စွဲကျင့်သုံးရန် တောင်းဆိုသွားမည်။
အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
၀န်ကြီးဌာနအချို့အား ဖျက်သိမ်းခြင်း၊ ဝန်ကြီးဌာနများအား ပေါင်းစပ်ခြင်း ပြုလုပ်ရမည်။
ထို့အပြင် ဒီမိုကရေစီအား တိုးချဲ့အကောင်အထည်ဖော်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးကဏ္ဍအားလည်း ပြုပြင်ရမည်ဟု ယုံကြည်သည်။ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသော
(က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား တိုင်းပြည်၏ နိုင်ငံရေးလက်တွေ့အရ နိုင်ငံတော်သမ္မတ၏ ကြီးကြပ်မှု အောက်တွင် ထားရှိရမည်။
(ခ) ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာရေးကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီများကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်ခွင့် ရှိစေရမည်။
(ဂ) ရန်ကုန်မြို့တော်ဝန်၊ မန္တလေးမြို့တော်ဝန် စသော မြို့တော်ဝန်များအား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ် တင်မြှောက်ရမည်။
(ဃ) ဥပဒေဝန်ထမ်းများနှင့် တရားရေးဝန်ထမ်းများအား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် တည်ရှိနေခြင်းမှ ကင်းလွတ်စေရမည်။
ပညာရေးကဏ္ဍ
လူတိုင်းအတွက် ပညာရေးဟူသည့် သဘောထားခံယူမှုဖြင့် ပညာရေးစနစ်ကို တည်ဆောက်ရမည်။ ပညာရေးသည် အခွင့်ထူးခံတို့အတွက် မဟုတ်။ လူတိုင်းအတွက်ဖြစ်သည်ဟူသော အတွေးအမြင်ကို ပြန့်ပွါးစေရမည်။ ပါတီသည် ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားထု၏ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ထောက်ခံသည်။ လွတ်လပ်သည့်၊ တန်းတူသည့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီပညာရေးစနစ်ကို တောင်းဆိုသည်။
လတ်တလောအားဖြင့်
(က) အကြောင်းအမျိုးမျိုးဖြင့် ကျောင်းစာသင်ခန်းပြင်ပတွင် ရောက်ရှိနေသော ကလေးငယ်များအားလုံး ပညာဆက်လက်သင်ကြား နိုင်ရေးအား ဥပဒေအရ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်။
(ခ) ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ပညာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၏ စားဝတ်နေရေးဖူလုံမှုအတွက် လုပ်ခလစာ တိုးမြှင့်နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်သွားမည်။
(ဂ) အလုပ်အကိုင်လိုအပ်လျက်ရှိသော လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
(ဃ) ထို့ကြောင့် နိုင်ငံ၏ ပညာရေးအသုံးစရိတ်အား နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ တိုင်းပြည်အသုံးစရိတ်၏ အနိမ့်ဆုံး ၂၀% သတ်မှတ်နိုင်ရန် ကြိုးပမ်းမည်။
ကျန်းမာရေးကဏ္ဍ
(က)ကျန်းမာရေးသည် လူ့အခွင့်အရေးဖြစ်သည်ဟု ပါတီက ခံယူသည်။
(ခ) လူမျိုး၊ ကိုးကွယ်သည့်ဘာသာများအား ခွဲခြားမှု မရှိစေဘဲ၊ လူမှုရေး၊ စီးပွါးရေးနောက်ခံတို့အပေါ်တွင် မူမတည်ဘဲ လူတိုင်း လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရှိစေရမည်။ ကျန်းမာရေးကဏ္ဍ၏ အရည်အသွေးနှင့် အရေအတွက် တိုးတက်ကောင်းမွန်ရေးအတွက်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ လူတိုင်းလူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံစားနိုင်ရေးအတွက်လည်းကောင်း ပြည်သူ့ကျန်းမာရေး အသုံးစရိတ်တိုးမြှင့်ရေးအား ကြိုးပမ်းသွားမည်။
(ဂ) ပြည်သူ့ကျန်းမာရေးအာမခံစနစ်ကို ထူထောင်ထားရှိမည်။
ကလေးသူငယ်များနှင့်လူငယ်များကဏ္ဍ
မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက် သုံးစွဲသည့်ဘတ်ဂျက်မှာ အာဆီယံနိုင်ငံများအကြားတွင် အနည်းဆုံးဖြစ်ပြီး ကမ္ဘ့ာနိုင်ငံများတွင်လည်း အနိမ့်ဆုံးအဆင့်တွင် ရှိပါသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် သန်းခေါင်စာရင်းအရ
အသက် ၅ နှစ်မှ ၁၈ နှစ်အကြား ကလေး ၄.၄ သန်းသည် ကျောင်းမနေကြရပါ။
အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား ကလေး ၁.၆ သန်းက လုပ်ငန်းခွင်များတွင် အလုပ်ဆင်းနေကြရသည်။
ကလေး ၁၀ သန်းမှာ ဆင်းရဲခြင်းကြီးစွာ နေထိုင်စားသောက်နေကြရသည်။
ကလေး ၅ သန်းကျော်မှာ မသန့်ရှင်းသောရေများကို သောက်သုံးနေကြရသည်။
ကလေး ၂.၃ သန်းသည် အိမ်သာသုံးစွဲနိုင်မှု မရှိ ဖြစ်နေကြရသည်။
၅ နှစ်အောက်သေဆုံးမှုမှာ ကလေး ၁၀ဝ၀ တွင် ၇၂ ယောက်နှုန်းရှိနေသည်။
ကလေးငယ် ၁၀ ယောက်တွင် ၄ ယောက်မှာ လုံးဝ ကျောင်းမနေနိုင်ပဲ ၁၀ နှစ်ကျော်အရွယ် ကျောင်းထွက်ရမှုနှုန်းမှာလည်း မြင့်မားနေသည်။
ထိုအခြေအနေများသည် မြန်မာနိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးပစ်သလို ဖြစ်နေသည်ဟု ပါတီက ယုံကြည်သည်။
ဤအခြေအနေများကို ကျော်လွှားနိုင်ရန်၊ အမြန်ဆုံးပြောင်းလဲပစ်ရန် ပါတီအနေဖြင့် ကြိုးပမ်းသွားမည်။
အလုပ်သမားကဏ္ဍ
(က) အခြေခံလုပ်ခလစာ သတ်မှတ်ရေး၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ကိုက်ညီသည့် အခြေခံလုပ်ခလစာအား နှစ်စဉ် သတ်မှတ်သွားမည်။
(ခ) အလုပ်သမားတစ်ဦး၏ အခြေခံလစာသည် ၎င်းအလုပ်သမားနှင့် အနည်းဆုံး မှီခိုသူ ၂ ဦးတို့အတွက် ဖူလုံစေရမည်။
(ဂ) အလုပ်သမားတစ်ဦး၏ တစ်နေ့အလုပ်ချိန် ၈ နာရီ၊ တစ်ပတ်အလုပ်ချိန် နာရီ ၄၀ အား ဥပဒေအရ အာမခံနိုင်ရေး လုပ်ဆောင်သွားမည်။
(ဃ) လုပ်ငန်းခွင်သာယာရေး၊ အလုပ်သမားများ၏ ကျန်းမာရေးနှင့် အခြားရသင့်ရထိုက်သော လူမှုဖူလုံရေး အကူအညီများကို အစိုးရက အာမခံရေး ကြိုးစားဆောင်ရွက်သွားမည်။
(င) အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
(စ) အလုပ်သမားအခွင့်အရေးတို့ကို အခြေခံဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
လယ်ယာမြေနှင့် တောင်သူလယ်သမားများကဏ္ဍ
(က) တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ လယ်သမားအဓိပ္ပါယ်ဖွင့်ဆိုမှုသည် တိုင်းပြည်၏ကျောရိုးဖြစ်သော လုပ်ကွက်ငယ် လယ်သမားများအား မြေရှင်တို့လက်သို့ လယ်ကျွန်အဖြစ် ထိုးအပ်သော အဓိပ္ပါယ်ဖြစ်နေသည်။ ထို့ကြောင့် ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ ဥပဒေတစ်ခုလုံးအား သုံးသပ်ပြင်ဆင်နိုင်ရေး ကြိုးပမ်းသွားမည်။
(ဂ) မြေယာဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် ယခုရေးဆွဲလျက်ရှိသော မြေယာအသုံးချမှုမူဝါဒတို့သည် လယ်ယာမြေပြုပြင်ပြောင်းလဲရေးလုပ်ငန်းများပင် ဖြစ်သည်။ တတိုင်းပြည်လုံးရှိ ပြည်သူများ၏ဘဝ ရပ်တည်ရှင်သန်ရေးနှင့် တိုင်းပြည်၏ စီးပွါးရေးဘဝတခုလုံးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အဆိုပါလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ရမည်။ မြေယာမူဝါဒများအား ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တောင်သူလယ်သမားသမဂ္ဂများ အပါအဝင် နိုင်ငံလုံးဆိုင်ရာ လယ်သမားညီလာခံကဲ့သို့သော ဆွေးနွေးပွဲကြီးများမှ ချမှတ်နိုင်ရန် ဆောင်ရွက်မည်။
လယ်သမားတို့၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ မြေရှင်ကြီးစနစ် မပေါ်ပေါက်စေရန် အတွက်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမည်။
စီးပွါးရေးကဏ္ဍ
(က) ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှု မူဝါဒများနှင့် ဥပဒေများအား ပြုပြင်ပြောင်းလဲရေး၊
(ခ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဌာနများ ကော်မရှင်များအား ပြန်လည်သုံးသပ်၍ ပေါင်းစပ်ခြင်း ဖျက်သိမ်းခြင်းနှင့် အစိုးရဌာနတစ်ခုတည်းအောက်၌ ထားရှိရေး၊
(ဂ) အလတ်စား စီးပွါးရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရန် ဦးစားပေးဆောင်ရွက်နိုင်ရေး၊
(ဃ) ဒေသခံပြည်သူများနှင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရေးကို ဦးတည်ပြီး လက်ရှိဆောင်ရွက်နေသော အထူးစီးပွားရေးဇုံများအား ကြပ်မတ်သွားရေး၊
(င) ဆင်းရဲမှုလျှော့ချရေးစီမံချက်အား ပြန်လည်သုံးသပ်ပြင်ဆင်ဆောင်ရွက်ရေး၊
(စ) စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့်ပတ်သက်၍ အလေးထားရေး၊
(ဆ) အခွန်စနစ်ကို ပြုပြင်သွားရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်။
ပြည်သူ့ဝန်ထမ်းတို့၏ ဘဝအား မြှင့်တင်ရေး
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် ပြည်သူ့ဝန်ထမ်းတို့၏ ဘဝနှင့် စားဝတ်နေရေးတို့မှာ ငြိမ်းချမ်းလုံခြုံခဲ့သည်။ ထိုခေတ်ထိုအခါက ပြည်သူ့ဝန်ထမ်းတို့၏ ဂုဏ်သိက္ခာမှာ မြင့်မားခဲ့သည်။
ပြည်သူ့ဝန်ထမ်းတို့၏ ဘဝအား ထိုသို့သော အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းအားထုတ်ပေးကြရမည်။ စားဝတ်နေရေး ဖူလုံစေရန် ဆောင်ရွက်ပေးကြရမည်ဟု ပါတီအနေဖြင့် ယုံကြည်ပါသည်။ သို့မှသာ အဂတိလိုက်စားမှု၊ ခြစားမှုတို့အား တိုက်ဖျက်နိုင်ပေမည်။ ပြည်သူ့ဝန်ထမ်းတို့၏ ဂုဏ်သိက္ခာသည်လည်း ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းတို့၏ ဂုဏ်သိက္ခာသည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်သည်ဟု မိမိတို့မှ ယုံကြည်သည်။
ထိုသို့သောအခြေအနေမျိုးသို့ ရောက်ရှိစေရန် ဒီမိုကရေစီအင်အားစုများ၊ ရွေးကောက်ခံနိုင်ငံရေးပါတီများနှင့် လက်တွဲ၍ ကြိုးစား ဆောင်ရွက်သွားမည်။ ။
ဗဟိုအောင်နိုင်ရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၂၀၁၅ ခုနှစ်၊ ဩဂုတ်လ၊ ၁၄ ရက်။