ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ပါတီက ၀မ်းမြောက်လှိုက်လှဲ စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။
ယနေ့ကာလ မြန်မာနိုင်ငံတွင် စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နှစ်(၆၀)ကျော်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးအပေါ်ထားသည့်သဘောထား၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အ၀အာမခံနိုင်မှုအပေါ်ထားသည့်သဘောထား၊ ပြည်ထောင်စုသားအားလုံးအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်ထားသည့်သဘောထားများသည် အခရာကျ သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။
ခေတ်အဆက်ဆက် ဖိနှိပ်ရေးအစိုးရများ မှားယွင်းစွာကျင့်သုံခဲ့ကြသည့် အပြုတ်တိုက်ရေး၊ အမြစ်ဖြတ် သုတ်သင် ချေမှုန်းရေး၊ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ဖိနှိပ်ရေး၊ နိုင်ငံရေးပြဿနာအထွေထွေကို စစ်အင်အား အသုံးချလျက် တဖက်သတ်အသာစီးရယူရေး စသည့်လုပ်ဟန်များအား အပြီးတိုင် စွန့်ဖယ်၊နိဂုံးချုပ်စေ၍ နိုင်ငံရေး ပြဿနာများ၊ နိုင်ငံသားတို့၏အခွင့်အရေးဆိုင်ရာ ပြဿနာရပ်များ၊ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာ ပြဿနာရပ်များကို ငြိမ်းငြိမ်းချမ်းချမ်း၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာကြသော လုပ်ဟန်မျိုး ဖြင့်သာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ကြလိမ့်မည်ဟုလည်း မိမိတို့ပါတီက ယုံကြည်ပါသည်။
အဆိုပါ ကိစ္စရပ်များအပေါ် အစိုးရနှင့်တပ်မတော်အနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေး အင်အားစုအသီးသီးအနေဖြင့်လည်းကောင်း မှန်ကန်သောသဘောထားများ ကိုယ်စီကိုယ်င ခိုင်မာစွာရှိကြရန် လိုအပ်သည်ဟုလည်း မိမိတို့ ပါတီက ယူဆပါသည်။
တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်လိုလားပါက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာငြိမ်းချမ်းရေးမူကို အခိုင်အမာကိုင်စွဲကြရပေမည်။ တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး၊ အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး၊ တိုင်းပြည်တွင်းရှိပြဿနာအရပ်ရပ်တို့ကို အကျေအလည်၊ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရပေ လိမ့်မည်။
မိမိတို့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များကို လူမျိုးစုံပြည်သူ လူထုကြီးနှင့်အတူ လက်တွဲထမ်းရွက်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ခုနှစ် မတ်လ (၂၃) ရက်နေ့။
Continue Reading