တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/၂၀၁၅)

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ ပါဝင်ရမည့် အချက်များအားလုံးကို ၃၀-၃-၂၀၁၅ ရက် နေ့ ဆွေးနွေးပွဲတွင် ပဏာမအနေဖြင့် သဘောတူညီမှု ရရှိခဲ့ကြပြီဟု သိရှိရပါသည်။ဤသို့ သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် မိမိတို့ပါတီ အနေဖြင့် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး ဆွေးနွေးခဲ့ကြသည့် နှစ်ဖက်လုံး၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း မိမိတို့ ပါတီက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ဧပြီလထဲတွင် ပြုလုပ်သွားမည့် တိုင်းရင်းသားထိပ်သီးညီလာခံတွင် (NCCT)အဖွဲ့ဝင် ၁၆ ဖွဲ့ကိုသာမက (NCCT) အဖွဲ့တွင် မပါ ၀င်သေးသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ဖိတ်ကြားပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲတွင် အားလုံးပါဝင် နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားကြမည် ဆိုသည့် အစီအစဉ်ကိုလည်း မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။

အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးသည့်နောက်တွင် အင်အားစုအားလုံးပါဝင်လျက် ပြည်ထောင်စုညီလာခံတရပ် ကျင်းပပြု လုပ်ကြရလိမ့်မည်။ ထိုညီလာခံကြီးတွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးပြဿနာ အရပ် ရပ်အပေါ် အကျေအလည်၊ အကျယ်အပြန့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာကြရလိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

သို့ပါ၍ ယနေ့လို ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး ၀န်းကျင်ကောင်းကို တည် ဆောက်နိုင်ရန်အတွက် ဖမ်းဆီးထားသော ကျောင်းသား၊ကျောင်းသူများ၊ အလုပ်သမား၊ လယ်သမားများအပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ဤငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် နိုင်ငံသားအားလုံး လွတ်လပ်စွာ ပါဝင်ခွင့်ပြုရန် မိမိတို့ပါတီက လေးလေးနက်နက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ပါတီက ၀မ်းမြောက်လှိုက်လှဲ စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ယနေ့ကာလ မြန်မာနိုင်ငံတွင် စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နှစ်(၆၀)ကျော်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးအပေါ်ထားသည့်သဘောထား၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အ၀အာမခံနိုင်မှုအပေါ်ထားသည့်သဘောထား၊ ပြည်ထောင်စုသားအားလုံးအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်ထားသည့်သဘောထားများသည် အခရာကျ သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။

ခေတ်အဆက်ဆက် ဖိနှိပ်ရေးအစိုးရများ မှားယွင်းစွာကျင့်သုံခဲ့ကြသည့် အပြုတ်တိုက်ရေး၊ အမြစ်ဖြတ် သုတ်သင် ချေမှုန်းရေး၊ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ဖိနှိပ်ရေး၊ နိုင်ငံရေးပြဿနာအထွေထွေကို စစ်အင်အား အသုံးချလျက် တဖက်သတ်အသာစီးရယူရေး စသည့်လုပ်ဟန်များအား အပြီးတိုင် စွန့်ဖယ်၊နိဂုံးချုပ်စေ၍ နိုင်ငံရေး ပြဿနာများ၊ နိုင်ငံသားတို့၏အခွင့်အရေးဆိုင်ရာ ပြဿနာရပ်များ၊ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာ ပြဿနာရပ်များကို ငြိမ်းငြိမ်းချမ်းချမ်း၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာကြသော လုပ်ဟန်မျိုး ဖြင့်သာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ကြလိမ့်မည်ဟုလည်း မိမိတို့ပါတီက ယုံကြည်ပါသည်။

အဆိုပါ ကိစ္စရပ်များအပေါ် အစိုးရနှင့်တပ်မတော်အနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေး အင်အားစုအသီးသီးအနေဖြင့်လည်းကောင်း မှန်ကန်သောသဘောထားများ ကိုယ်စီကိုယ်င ခိုင်မာစွာရှိကြရန် လိုအပ်သည်ဟုလည်း မိမိတို့ ပါတီက ယူဆပါသည်။

တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်လိုလားပါက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာငြိမ်းချမ်းရေးမူကို အခိုင်အမာကိုင်စွဲကြရပေမည်။ တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး၊ အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး၊ တိုင်းပြည်တွင်းရှိပြဿနာအရပ်ရပ်တို့ကို အကျေအလည်၊ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရပေ လိမ့်မည်။

မိမိတို့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များကို လူမျိုးစုံပြည်သူ လူထုကြီးနှင့်အတူ လက်တွဲထမ်းရွက်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ခုနှစ် မတ်လ (၂၃) ရက်နေ့။

Continue Reading

ကျောင်းသားများ၏ အမျိုးသား ပညာရေးဉပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြေရှင်းခြင်းမပြုရန် မေတ္တာရပ်ခံ တိုက်တွန်းခြင်း သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၅)

Continue Reading

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက မွန်အမျိုးသားထုတရပ်လုံးနှင့်ထပ်တူထပ်မျှ ဂုဏ်ယူတန်ဖိုးထားပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။

ဒီမိုကရေစီဆိတ်သုဉ်းမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့မှုတို့ကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဒဏ်ကို မွန်အမျိုးသားများအပါအ၀င် ပြည်ထောင်စုဘွားတိုင်းရင်းသားတိုင်း ရာစုတ၀က်ကျော် ခါးဆီးခံခဲ့ကြရသည်ဟု မိမိတို့ပါတီက အလေးအနက် နားလည်ပါသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခုခံစစ်ကို ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးအင်အား စုများနှင့် လက်ရှိအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူလက်မှတ်ထိုးပွဲတရပ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။

တပြည်လုံးအတိုင်းအတာဆောင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးသည်နှင့် တဆက်တည်း နိုင်ငံရေး အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင် စုညီလာခံကြီးတရပ်ကို ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါသည်။ ထိုညီလာခံကြီးတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက်တရပ်ကို ချမှတ်ကြရမည် ဖြစ်ပါသည်။

ထိုသဘောတူညီချက်ကို နိုင်ငံရေးလမ်းညွှန်အဖြစ်ကိုင်စွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးအပါအ၀င် မိမိတို့နိုင်ငံတွင် ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားကာ ငြိမ်းချမ်းပြီး အစဉ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီခေတ်သစ်တရပ်ကို တည်ဆောက်ကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးစုံပြည်သူများနှင့် အတူ ဤလုပ်ငန်းစဉ်ကြီးအတွင်းမှာ ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်အမျိုးသားများ၏ (၆၇)ကြိမ် မြောက် မွန်အမျိုးသားနေ့တွင် လေးနက်တည်ကြည်စွာ ကတိပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဖေေါ်ဝါရီလ (၁၅) ရက်

Continue Reading

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀ဝ)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လှိုက်လှဲတန်ဖိုးထားစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (All Burma Students Union) ဥက္ကဋ္ဌ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး၊ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူး၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ဥက္ကဋ္ဌ စသည့်တာဝန်များဖြင့် သမိုင်းခေတ်ကာလအဆက်ဆက်က ပြဋ္ဌာန်းလိုက်သော သမိုင်း ရေးတာဝန်များကို ဦးလည်မသုန် ကိုယ်ကျိုးမဖက် ထမ်းရွက်ခဲ့ပါသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူကိုအလုပ်အကျွေးပြုသည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ဆောက်ခဲ့နိုင်ရုံမက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထားစွာဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပါသည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတလျောက်လုံးတွင် မဟာမိတ်အင်အားစုအသီးသီးနှင့် အခိုင်အမာလက်တွဲပြီး လူမျိုးစုံပြည်သူတို့၏ ထောက်ခံဝန်းရံပေးမှုဖြင့် လွတ်လပ်ရေးကို မရအရ ယူပေးနိုင်ခဲ့သည့်အတွက် အမျိုး သားခေါင်းဆောင်ကြီးအဖြစ် ပြည်သူလူထုတရပ်လုံးက ယနေ့ထက်တိုင် လေးစားတန်ဖိုးထားနေကြခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်မြန်မာပြည်သူလူထု၏အကျိုးကို တည့်တည့်မတ်မတ်မျက်နှာမူပြီး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့မှုတို့အား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလျက် မိမိတို့ပါတီအနေဖြင့် ယနေ့ကာလ အမျိုးသားရေး တာဝန်များတွင် ကျရာအခန်းမှ တက်ကြွစွာ ကြိုးပမ်းထမ်းရွက်သွားရန် အလေးအနက် အဓိဋ္ဌာန်ပြုပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်

Continue Reading