လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ
၁။ ၂၀၂၁ – စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုတိုက်ပွဲအတွင်း တိုက်ပွဲလိုအပ်ချက်နှင့်အညီ ပေါ်ပေါက်ခဲ့ပြီး ယနေ့ တိုင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေးတိုက်ပွဲအတွင်း ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီသည် (၁၁၊ ၂၊ ၂၀၂၄) ၌ ဖွဲ့စည်း တည်ထောင်ခြင်း (၃) နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
၂။ လူမျိုးစုံ ဗမာပြည်သူများ၏ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အထွေထွေသပိတ်ကြီးသည် စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်ဖိနှိပ်ခြင်းကြောင့် ပြည်သူ့ခုခံစစ်အဖြစ် (တနည်း) နွေဦးတော်လှန်ရေးအဖြစ် အချိန်တို အတွင်း ကူးပြောင်း ရောက်ရှိခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးနှင့် နည်းသဏ္ဌာန်ပေါင်းစုံ လူထုလှုပ်ရှားမှုများ ပေါင်း စပ် ဆင်နွှဲလျက် ရှိပေသည်။
၃။ အဆွေတို့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီအနေဖြင့် ဖြတ်သန်းရသော (၃) နှစ်တာသည် တော်လှန်ရေး ကာလ ၃ နှစ် ဖြစ်သဖြင့် ကြမ်းတမ်း ခက်ခဲသော စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင် အန်တုလျက် ထုသား ပေသားကျ၍ နိုင်ငံ ရေးသဘာအရ သင့်တင့်လျောက်ပတ်သော ရင့်ကျက်မှုရှိခဲ့ပြီဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ စွာ မှတ်တမ်းတင်အပ်ပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေးတိုက်ပွဲအတွင်း အဆွေတို့အဖွဲ့အစည်း နှင့် တိုက်ပွဲဖော်အဖြစ် သွေးစည်းချစ်ကြည်စွာ လက်တွဲ လှုပ်ရှားနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူ အမှတ်ရနေမည် ဖြစ်ပါ သည်။
၄။ မိမိတို့ပါတီအနေဖြင့် နွေဦးတော်လှန်ရေး ရည်မှန်းချက်များ ထမြောက် အောင်မြင်သည်အထိ၊ စစ်အာဏာရှင်စနစ် ဆိုးကို သုတ်သင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် အောင်မြင်သည်အထိ မိမိတို့ အဖွဲ့အစည်း ၂ ဖွဲ့ အကြား မိတ်ဆွေ တိုက်ပွဲဖော် ဆက်ဆံရေးကို ခိုင်မာစေလျက် လူမျိုးစုံ ဗမာပြည်သူတရပ်လုံးနှင့်အတူ လက်တွဲ တိုက် ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိစကားပါးရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၁၁) ရက်။
