၁၃၄ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
၁။ ယနေ့ (၁၊ ၅၊ ၂ဝ၂၄) သည် အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော မေဒေးနေ့ ၁၃၄ ကြိမ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဤနေ့တွင် တရားမျှတရေးနှင့် မိမိတို့ လူတန်းစားဘဝ လွတ်မြောက်ရေးတို့ အတွက် အသက်၊ သွေး၊ ချွေးများရင်း၍ သမိုင်းစဉ်တလျှောက် ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံမှ အလုပ်သမားထုကြီးအား မိမိတို့ပါတီက ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။
၂။ တပတ်လျှင် နာရီ ၄၀ အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားထုမှာ ရသင့်ရထိုက်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ၊ သွေးမြေအကျခံလျက် တိုက်ပွဲ ဝင်ကြရဆဲ ဖြစ်ပေသည်။ အလုပ်သမားထု၏ တရားမျှတသည့် တိုက်ပွဲတိုင်း၊ လှုပ်ရှားမှုတိုင်း၊ တောင်းဆိုမှုတိုင်းအား အပြည့်အဝ ထောက်ခံပါသည်။ ထို့ပြင် နွေဦးတော်လှန်ရေးစတင်ကတည်းက ယနေ့ထိတိုင် နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ပါဝင်လျက်ရှိကြသည့် အလုပ်သမားထုကြီးအား မိမိတို့ပါတီအနေဖြင့် အလေးအမြတ် ပြုအပ်ပါသည်။
၃။ နွေဦးတော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း နိုင်ငံ တည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားထုကြီးအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ် သိက္ခာနှင့် အခွင့်အရေးများရရှိမှုအတွက် အာမခံသည့် နိုင်ငံ့စနစ်တရပ်နှင့် ဥပဒေ၊ နည်းဥပဒေများ ရှိရမည်ဟု မိမိတို့ပါတီ က အလေးအနက် ယုံကြည်သည်။
၄။ မိမိတို့ပါတီအနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ၊ ထိုမှတဖန် မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော ပြည်ထောင်စုတရပ်၊ လူ့အဖွဲ့အစည်းသစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ် သမားထုနှင့်အတူ အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ၊ မေလ (၁) ရက်။