ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ( ABFSU ) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

၁။ ယနေ့ (၈၊ ၅၊ ၂ဝ၂၄) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ် – ABFSU) စတင် တည်ထောင်ခဲ့သည့် ၈၈ နှစ် ပြည့်မြောက်သောနေ့ ဖြစ်သည်။
၂။ ဗကသများအဖွဲ့ချုပ်သည် ဗမာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ လိုအပ်ချက်အရ ကျောင်းသား အဖွဲ့အစည်းသက်သက်မျှ မဟုတ်ဘဲ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတာဝန်များကို အကျေအပွန် ထမ်း ဆောင်ခဲ့သည့် နိုင်ငံရေးအင်အားစုတရပ် ဖြစ်ခဲ့သည်။ ထိုမျှမက ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲကာလမှ စတင်လျက် ယနေ့ကာလအထိ နိုင်ငံရေးအင်အားစုအားလုံးတွင် သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်း ဖြစ်သည်။
ဗကသများအဖွဲ့ချုပ်၏ မှန်ကန်သော ရပ်တည်ချက်နှင့် လမ်းစဉ်တို့ကြောင့် ဤမျှ သက်တမ်းရှည်စွာ ရပ်တည်နိုင်ခဲ့ ခြင်း ဖြစ်သည်ကို ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
၃။ မိမိတို့ပါတီအနေဖြင့် ဗကသများအဖွဲ့ချုပ်၏ တိုက်ပွဲအမွေကို ဆက်ခံ တည်ထောင်ခဲ့သည့် နိုင်ငံရေးပါတီ တရပ်အဖြစ် ၁၉၈၈ လူထုအရေးတော်ပုံကြီး အပြီးမှသည် ယနေ့ နွေဦးတော်လှန်ရေးတိုက်ပွဲကာလအထိ ဗကသများ အဖွဲ့ချုပ်နှင့် ချစ်ကြည်သွေးစည်းကာ လူမျိုးစုံဗမာပြည်သူလူထုကြီးအတွက် အတူတကွ တိုက်ပွဲဝင်နိုင်ခဲ့ခြင်းအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
၄။မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဗကသများ အဖွဲ့ချုပ်နှင့် ညီနောင်-တိုက်ပွဲဖော် ချစ်ကြည် မှုကို မြဲမြံခိုင်မာစေလျက် လူမျိုးစုံ ဗမာပြည်သူလူထုကြီးအတွက် မပြီးဆုံးနိုင်သေးသည့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အခန်းဆက်တာဝန်များကို အတူတကွ ဆက်လက်ထမ်းရွက်သွားမည်ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကတိပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ မေလ၊ (၈) ရက်။