ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် ( ၅၀ ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂/၂၀၂၄ )

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် (၅ဝ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂ / ၂၀၂၄ )

၁။ ယနေ့ (၆၊ ၆၊ ၂ဝ၂၄) သည် သမိုင်းဝင် “ဇွန် ၆” အလုပ်သမားတိုက်ပွဲကြီး၏ နှစ် (၅၀) ပြည့်မြောက်သောနေ့ ဖြစ်သည်။

၂။ လွန်ခဲ့သော နှစ် (၅၀) က အခြေခံဥပဒေအကာအကွယ်ဖြင့် မဆလခေါင်းဆောင်းထားသည့် စစ်အုပ်စု၏ ဘီလူး ခေါင်း အစစ်အမှန်ကို အလုပ်သမားထုက သွေးမြေကျ တိုက်ပွဲဝင်၍ ဆွဲချွတ်ခဲ့ကြသည်။

၃။ ၁၉၇၄၊ မတ်လ ၂၅ မန္တလေး-ပလိပ် ချည်မြှင်နှင့် အထည်စက်မှ စတင်သည့် အလုပ်သမားဆန္ဒပြမှုများကို တရားမဲ့ ဖမ်းဆီး နှိမ်နင်းခံရသဖြင့် ဆက်တိုက် ပေါ်ပေါက်ခဲ့သော မေသေလှုပ်ရှားမှုမှတဆင့် ဗမာပြည်အနှံ့ စက်ရုံ အလုပ်ရုံ ၁ဝဝ ကျော်ဆီအထိ အလုပ်သမားသပိတ်များ ပေါ်ပေါက် ပြန့်နှံ့ခဲ့သည်။ ဇွန် ၆ – ၇ – ၈ ရက်များ၌ ပစ်ခတ် သတ်ဖြတ်၊ နှိမ်နင်း ခံခဲ့ကြရသည်။
အသက်ရှင်ရန် အခြေခံလိုအပ်ချက်မျှပင် ပြည့်မီအောင် ခံစားခွင့် မရရှိကြသည့် အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ရေး၊ ဆန် အလုံအလောက် ထုတ်ပေးရေး လုပ်ငန်းခွင် လုံခြုံ ဘေးကင်းရေး၊ အခြေခံစားကုန်ဈေးများ ကျဆင်း ရေး – စသည့် တောင်းဆိုချက်များကို တင်ပြ တောင်းဆိုသဖြင့် စစ်အာဏာရှင်အစိုးရက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ရာနှင့်ချီ၍ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်။ စစ်အုပ်စု၏ အတုအယောင် မဆလခေါင်းဆောင်း ပြုတ်ကျ သွားခဲ့ပြီး ကမ္ဘာ့ပြည်သူများမြင်ကွင်းတွင် ဆိုရှယ်လစ်အမည်ခံ စစ်အစိုးရအဖြစ် နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်း၊ အရွက် ရခဲ့သည်။

၄။ ယနေ့ကာလတွင်လည်း ဗမာပြည်အလုပ်သမားထုအနေဖြင့် လူမျိုးပေါင်းစုံပြည်သူတို့နှင့်အတူ (၂၀၂၁၊ ဖေဖေါ်ဝါရီ) စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်လျက်ရှိသည်။ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်အထိ အလုပ်သမား အင်အားစုများသည် တက်ကြွ နိုးကြားစွာ ပါဝင်လျက်ရှိသည်။
အခြားတဖက်တွင် စစ်အာဏာသိမ်းအစိုးရလက်အောက်၌ အလုပ်သမားသမဂ္ဂများ၊ တရားဝင် ရပ်တည်ခွင့်မရသည် အထိ တင်းကျပ်သော ဖိနှိပ်မှုကို ရင်ဆိုင်နေကြရသည်။ အခြေခံရပိုင်ခွင့်များအပါအဝင် မည်သည့်အခွင့်အရေးကိုမှ တောင်းဆိုခွင့် မရသည်အထိ ဖိနှိပ်ခံနေကြရခြင်း ဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်အတွင်း၊ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်ခွင့်ရလျက်၊ တည်ဆဲ အခြေခံကုန်ကျစရိတ်များနှင့်အညီ အနိမ့်ဆုံးလုပ်ခလစာ ရရှိရေး စသည့် အချက်များ ပင် အာမခံချက် လုံးဝမရှိသည့် အခြေအနေ ဖြစ်သည်။

၅။ ငြိမ်းချမ်း ညီညွှတ် လွတ်လပ် တန်းတူသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာ တည်ဆောက်နိုင်ရန် ဆိုပါက မိမိတို့တိုင်းပြည်အတွင်း လုပ်အားစိုက်ထုတ် အလုပ်လုပ်ကြသည့် အလုပ်သမားများ၏ဘဝ အေးချမ်း လုံခြုံ လျက် ဂုဏ်သိက္ခာရှိရှိ ဘဝရပ်တည်နိုင်ခြင်းရှိပါမှ ဖြစ်နိုင်ပေမည်။

၆။ ထိုကြောင့် မိမိတို့ နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် ဇွန် ၆ တိုက်ပွဲသမိုင်း၊ ဇွန် ၆ တိုက်ပွဲဂုဏ်ရောင်၊ ဇွန် ၆ တိုက်ပွဲ စိတ်ဓာတ်တို့ကို မမေ့မလျော့ နှလုံးသွင်းလျက် တိုက်ပွဲဝင်အလုပ်သမားထုကြီးနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ပြီး ဘုံရန်သူစစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်း အောင်ပွဲဆင်နိုင်သည်အထိ တိုက်ပွဲဝင်သွားကြပါရန် ဆော်ဩ တိုက်တွန်းလျက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၈၂၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်၊