လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း
နိဒါန်း
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း သန္ဓေတည်ခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ လူငယ်ကျောင်းသားများနှင့် စတင်စုစည်းခဲ့သော တော်လှန်သည့် ပါတီတစ်ရပ် ဖြစ်ပေသည်။
(၁)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော်မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သောပါတီတစ်ရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။
ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ရဲဘော် မိုးသီးဇွန် ဥက္ကဋ္ဌ
(၂) ရဲဘော် သက်ထွန်း ဒုတိယ ဥက္ကဋ္ဌ
(၃) ရဲဘော် မိုးဟိန်း အထွေထွေအတွင်းရေးမှူး
(၄) ရဲဘော် ရဲနိုင်အောင် တွဲဘက်အတွင်းရေးမှူး
(၅) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု စည်းရုံးရေးကော်မတီ
(၆) ရဲဘော် ယဉ်ထွေး စီမံ/စည်းကမ်း ကော်မတီ
(၇) ရဲဘော် ဝင်းမြင့်အောင် သတင်းနှင့်ပြန်ကြားရေးကော်မတီ
(၈) ရဲဘော် တင်ထွန်းလှိုင် ဘဏ္ဍာရေးကော်မတီ
ပါတီကို စတင်ထူထောင်သည့်ကာလတွင် အောက်ပါရည်ရွယ်ချက် (၃) ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့သည်။
၁။ ပြည်သူတို့အာဏာ ပြည်သူတို့ ထာဝစဉ်ပိုင်စိုးရေးအတွက် ပြည်သူကို ဖိနှိပ်သော အာဏာရှင်စနစ်များ
မြန်မာပြည် မြေပေါ်မှသာမက ကမ္ဘာ့မြေပေါ်မှပါ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်စေရန်။
၂။ ပြည်သူလူထု အကျိုးစီးပွားအတွက် စစ်မှန်သော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ အပြည့်အဝ ရှင်သန်လာစေရန်။
၃။ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ အသင်းအဖွဲ့များ၊ ပါတီများ စုစည်း၍ အမျိုးသားထုတစ်ရပ်လုံးကို ကိုယ်စားပြုအသွင်ဆောင်သည့် ကြီးမားကျယ်ပြန့်သော တပ်ပေါင်းစုကြီးတစ်ရပ် ပေါ်ထွန်းလာစေရန်။
ရည်မှန်းချက်များမှန်ကန်ပြီး အရေးတော်ပုံကြီးပြီးစ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူတို့၏ အကြပ်အတည်းများကို စာနာရပ်ခံပြီး တိုက်ပွဲဝင်ခဲ့မှုများကြောင့် ပါတီ၏စည်းရုံးရေးမှာ တနေ့တခြား ကျယ်ပြန့်လာသည်။ “ပြည်သူသာ အမိ ပြည်သူသာအဖ” စိတ်ဓါတ်ကို ကိုင်စွဲကာ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ကြွေးကြော်သံကို ဆက်လက်ကိုင်စွဲခဲ့သည်။
၁၉၈၈ နိုဝင်ဘာလတွင် လူငယ်ကျောင်းသား (၁၁) ပါတီ ပါဝင်သော “ညီအကိုတော် ကျောင်းသားလူငယ်များ သွေးစည်းညီညွတ်ရေးကော်မတီ” ကို စုစည်းနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးပါတီ (၁၃) ပါတီ ပါဝင်သော “ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (ဒမဖ)” ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တပြိုင်နက်တည်းတွင် ပါတီ (၄၁) ပါတီ ပါဝင် သော “ပြည်ထောင်စုမြန်မာနိုင်ငံဒီမိုကရေစီတပ်ပေါင်းစု (ပဒတ)” ဦးဂွယ်လမ်းတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့သည်။
ပါတီသက်တမ်း (၄) လအတွင်း ဒုတိယအင်အားအကြီးဆုံးပါတီအဖြစ် အသိအမှတ်ပြုခြင်းခံရသည့်အဆင့်အထိ အားကောင်းလာခဲ့ပြီး လူထုနှင့်အတူ ရပ်တည်လှုပ်ရှားခဲ့မှုများကြောင့် ပါတီစည်းရုံးရေးမှူးပေါင်းရာနှင့်ချီ၍ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီ (၁၈) ပါတီ စုစည်းထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ပါ ပါဝင်သည့် ကြီးမားကျယ်ပြန့်သည့် တပ်ပေါင်းစုတရပ် ပေါ် ပေါက်ရေးအတွက် အတက်ကြွဆုံး ဆက်လက်လှုပ်ရှားခဲ့ကြသည်။
နဝတအစိုးရ၏ ပြင်းထန်သည့် ဖမ်းဆီးဖိနှိပ် အကြပ်ကိုင်မှုများကြောင့် ပါတီဥက္ကဋ္ဌ ရဲဘော်မိုးသီးဇွန်မှာ လက်နက်ကိုင်တော်လှန် ရေးလမ်းကြောင်းသို့ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ကူးပြောင်းခဲ့ရသည်။
နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံကို ၁၉၈၉ ခုနှစ်၊ ဧပြီလ (၂၂၊ ၂၃၊ ၂၄) ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဒေသအသီးသီးကို ကိုယ်စားပြုသည့် အောက်ပါရဲဘော် (၂၅) ဦးပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြသည်။
၁။ ဦးအောင်ဇေယျ (ဦးရဲလင်းနိုင်) ဥက္ကဌ
၂။ ဦးသက်ထွန်း ဒုတိယ ဥက္ကဌ
၃။ ဦးဗဟိန်းအောင် (ဦးသက်ဇော်) အထွေထွေအတွင်းရေးမှူး
၄။ ဦးယဉ်ထွေး တွဲဖက် အတွင်းရေးမှူး
၅။ ဦးမိုးဟိန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၆။ ဦးရဲနိုင်အောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၇။ ကျော်မင်းယု(ဂျင်မီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၈။ ဦးတင်ထွန်းလှိုင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၉။ ဦးဝင်းမြင့်အောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၀။ ဦးသိန်းဇော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၁။ ဦးဇေယျ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၂။ ဦးတင်သန်းဦး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၃။ ဦးကျော်လင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၄။ ဦးညိုဝင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၅။ ဦးဘုန်းဆွေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၆။ ဦးရဲကျော်စီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၇။ ဦမြင့်လှိုင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၈။ ဦးမျိုးလွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၉။ ဦးကျော်မြသိန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၀။ ဦးမျိုးမြင့်ပန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၁။ ဦးဇော်နိုင်ဦး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၂။ ဦးအောင်မိုးဇော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၃။ ဦးကျော်ဝင်းသိန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၄။ ဦးမြဇော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂၅။ ဦးအောင်မော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၉၈၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ပါတီခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ၊ အတွေ့အကြုံ နုနယ်မှုများ၊ စစ်အုပ်စု၏ သပ်လျှိုဖြိူခွဲမှုများကြောင့် ပါတီတွင်း စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည့် အခြေအနေတရပ်သို့ ဆိုက်ရောက်ခဲ့ရသည်။
နဝတနှင့် ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်၏ စနစ်တကျ ဝင်ရောက်စွက်ဖက်မှုများကြောင့် ပါတီမှာ သိသိသာသာ နှစ်ခြမ်းကွဲရသည့် အဆင့်သို့ ရောက်ခဲ့ရသည်။
တခြမ်းကို ရဲဘော်အောင်ဇေယျ၊ ရဲဘော်ဗဟိန်းအောင်တို့မှ ဦးဆောင်ပြီး တခြမ်းကို ရဲဘော်မိုးဟိန်း၊ ရဲဘော် ရဲနိုင်အောင်တို့မှ ဦးဆောင်ခဲ့ပါသည်။
ရဲဘော်အောင်ဇေယျနှင့် ရဲဘော်မိုးဟိန်းတို့ အဖမ်းခံရပြီးသည့်နောက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် ရဲဘော်ဗဟိန်းအောင်တို့အခြမ်းကို လုံးဝ ဖျက်သိမ်းပစ်လိုက်ပြီး ရဲဘော်ရဲနိုင်အောင်တို့အခြမ်းကို တရားဝင် ဆက်လက်တည်ရှိခွင့်ပြုခဲ့သည်။ ရဲဘော်သက်ထွန်း ဥက္ကဋ္ဌ၊ ရဲဘော်ကျော်ဝင်းသိန်း ဒုတိယဥက္ကဋ္ဌ၊ ရဲဘော်ရဲနိုင်အောင် အထွေထွေအတွင်းရေးမှူး၊ ရဲဘော်ဖုန်းဆွေ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ယူသော ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးကို ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ရဲဘော် ဗဟိန်းအောင် ဦးဆောင်သောအဖွဲ့မှာ မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစုအဖြစ် ဆက်လက်လှုပ်ရှားကြပြီး အချို့မှာ အောက်ဗမာပြည်ဗကသများအဖွဲ့ချုပ်ဝင်များအဖြစ် ဆက်လက်ရပ်တည်လှုပ်ရှားခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်တို့နှင့်အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ၁၉၈၉ ဇူလိုင် (၁၉) ရက်နေ့အထိ တွဲဖက်ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလတွင် ဒီမိုကရေစီအင်အားစုများက တဘက်၊ (တစည)နှင့် (တစည)အနွှယ်များက တဘက် စီးချင်းထိုးမှုဖြင့် ရွေးကောက်ပွဲဝင်ကြရန် ချပြစည်းရုံးခဲ့သည်။ သို့သော် ၎င်းအခြေအနေ ဖြစ်မလာသည့်အခါ မဲမကွဲရေးအတွက် (NLD) ဝန်းရံရေးပေါ်လစီချ၍ လှုပ်ရှားခဲ့သည်။ ရွေးကောက်ပွဲပြီးကာလတွင် အနိုင်ရပါတီကို အာဏာအပ်ရေး၊ လွှတ်တော်ခေါ်ယူပေးရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံလုံးဆိုင်ရာအထူးအစည်းအဝေးကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၁၆ ၊၁၇) ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်ကျော်ဝင်းသိန်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်အောင်မိုးဇော်၊ တွဲဘက်အတွင်းရေးမှူး ရဲဘော်ဇေယျ အပါအဝင် ပါတီဗဟိုကော်မတီ (၂၁) ဦးအား ရွေးချယ်တင်မြောက်နိုင် ခဲ့ကြသည်။
နဝတ၏ အမိန့်အမှတ် ၁/၉၀ အား ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်း၊ ပါတီ ပြန်လည်ပေါင်းစည်းနိုင်ရေးလုံးပမ်းခဲ့ခြင်း၊ ၎င်းကာလ လူငယ်ပါတီများအတွင်း ညီညွတ်ရေးကို တည်ဆောက်ခဲ့ခြင်း၊ လွှတ်တော်ခေါ်ယူနိုင်ရေး လှုပ်ရှားမှုများကို အဆက်မပြတ် ဆောင်ရွက်နေခြင်းတို့ကြောင့် နဝတစစ်အစိုးရမှ အပြင်းအထန် ဖိနှိပ်လာသည်။
၁၉၉၀ ဒီဇင်ဘာတွင် မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု ဗဟိုအလုပ်အမှုဆောင်များကို ဖမ်းဆီးပြီး ပါတီလည်း ဖျက်သိမ်းခံခဲ့ရသည်။ ၁၉၉၁ ဒီဇင်ဘာ (၆) ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ကို နဝတမှ ဆိုင်းဘုတ်လာဖြုတ်ချပြီး ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။ ပါတီခေါင်းဆောင်အများစုမှာ ထိုရက်မတိုင်ခင်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ရှောင်တိမ်းခဲ့နိုင်သော ပါတီခေါင်းဆောင်များက ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ တွင် ပါတီ၏အလံတော်အား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများရှိရာ မာနယ်ပလောဒေသသို့ ပြောင်းရွှေ့စိုက်ထူခဲ့ ကြသည်။
(၂)
ပါတီသည် ပြည်တွင်းတွင် တရားဝင်ပါတီအဖြစ် (၃) နှစ်သာ ရပ်တည်ခွင့်ရရှိခဲ့ပြီး နဝတစစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် လွတ်မြောက်ဒေသသို့ ပြောင်းရွှေ့ရပ်တည်ခဲ့ရခြင်း ဖြစ်သည်။ ဥက္ကဋ္ဌရဲဘော်မြင့်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ရဲဘော်အောင်မိုးဇော်တို့ ဦးဆောင်သော ဗဟိုကော်မတီသည် ပြည်တွင်းနှင့် လွတ်မြောက်ဒေသ လှုပ်ရှားမှုများကို စနစ်တကျ ဆက်လက် ဦးဆောင်ခဲ့ကြသည်။
နိုင်ငံရေးဦးတည်ချက်နှင့် အခြေခံမူဝါဒများသည် နှိုင်းယှဉ်ချက်အရ တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်းကြည်လင်ကျယ်ပြန့်လာခဲ့သည်။ မြန်မာ့နိုင်ငံရေး၏ ပကတိ လိုအပ်ချက်များနှင့်အညီ ပိုမို ပြည့်စုံသည်ထက် ပြည့်စုံအောင် အစဉ် ဖြည့်ဆည်း တိုးချဲ့ခဲ့ကြသည်။
လူမျိုးစုံ အဖိနှိပ်ခံပြည်သူများဘက်က ထာဝစဉ်ရပ်တည်ရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးစသည့် အချက်နှစ်ချက်အပေါ် ပိုမို လေးနက်လာခဲ့သည်။
ပါတီရေရှည်တည်တံ့တိုးပွားရေးနှင့် ပြည်သူ့အကျိုးဆောင်ရေးအတွက် ထိုနှစ်ချက်သည် အသက်ဝိဉာဉ်ကဲ့သို့ အရေးကြီးကြောင်း ပိုမိုသိမြင်နားလည်လာခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးဒေသတွင် ပါတီ၏အလံကို ဆက်လက်လွှင့်ထူရင်း ပါတီ၏ရည်မှန်းချက်များကို ဖေါ်ဆောင်ရသည့်ကာလသည် ပါတီအတွက် အတွေ့အကြုံသစ် ဖြစ်သကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် ကာလလည်းဖြစ်သည်။ ထိုအခက်အခဲများကြားကပင်
- စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး
- ဒီမိုကရေစီရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး ကြွေးကြော်သံများကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းရုံး (KNU) အပါအဝင် မဟာမိတ် တိုင်းရင်းသားလူမျိုးစုများ၏ ဝန်းရံကူညီမှုကြောင့်လည်း ပါတီအလံတော်ကို မြင့်မားစွာ ဆက်လက်လွင့်ထူနိုင်ခဲ့ပါသည်။ ပါတီသည် မြန်မာပြည်ဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ချုပ်(DAB)၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် တက်ကြွစွာ ပါဝင်တာဝန်ယူနိုင်ခဲ့သည်။အလယ်ပိုင်းဒေသရှိ လူမျိုးပေါင်းစုံပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ) နှင့်လည်း ပူးတွဲလှုပ်ရှားနိုင်ခဲ့သည်။
၁၉၉၄ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ ပါတီ၏ နိုင်ငံရေးဖြစ်စဉ်အကျဉ်း၊ ပါတီ၏ အထွေထွေနိုင်ငံရေး သဘောထားနှင့် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်နိုင်ခဲ့သည်။ ကရင်အမျိုးသားအစည်းရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) အစရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးပါတီများနှင့် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ပြီး လက်တွဲလှုပ်ရှားနိုင်ခဲ့သည်။
(၃)
၁၉၉၅ ခုနှစ်၊ ဇန်နဝါရီတွင် မာနယ်ပလောအခြေခံဒေသကို လက်လွှတ်ခဲ့ရသည့်နောက် ထိုင်း-မြန်မာ နယ်စပ်သို့ ရွှေ့ပြောင်းကာ ဆက်လက်လှုပ်ရှားခဲ့ကြရသည်။
ပါတီဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်သည် (NCUB) အတွင်းရေးမှူးအဖွဲ့ဝင်၊ (DAB) အထွေထွေအတွင်းရေးမှူး၊ နိုင်ငံရေးအံတုမှုကော်မတီ (PDC) တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၇ ခု၊ မတ်လ (၅) ရက်နေ့တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ပါတီဥက္ကဋ္ဌ ရဲဘော်မြင့်ဇော် ကွယ်လွန်သွားပြီးနောက် အထွေထွေအတွင်းရေးမှူး ရဲဘော်အောင်မိုးဇော်က ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
၂၀ဝ၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) မှ (၁၂) ရက်နေ့အထိ ဗဟိုကော်မတီ စုံညီပုံမှန် အစည်းအဝေးကို ကျင်းပကာ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလော လုပ်ငန်းစဉ်များကို ပြင်ဆင်တိုးချဲ့ အတည်ပြုခဲ့ကြသည်။ ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မိုးသီးဇွန် ဦးစီးသော အင်အားစုဖြင့် ပါတီကို အားဖြည့်ခဲ့ကြသည်။
၂၀ဝ၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀ မှ ၁၈) ရက်နေ့အထိ ဒုတိယအကြိမ် ပါတီညီလာခံကို ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကျင်းပကာ ပါတီ၏ရည်မှန်းချက် (၄)ရပ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြသည်။
ရဲဘော်အောင်မိုးဇော် (ဥက္ကဋ္ဌ)၊ ရဲဘော်အောင်သူငြိမ်း (ဒုတိယဥက္ကဋ္ဌ)၊ ရဲဘော်ဇော်နိုင်ဦး (အထွေထွေ အတွင်းရေးမှူး)၊ ရဲဘော်ဝင်းနိုင်ဦး (တွဲဘက်အထွေထွေအတွင်းရေးမှူး)တို့ ဦးဆောင်သည့် ဗဟိုကော်မတီသည် ပြည်တွင်းလုပ်ငန်း၊ တပ်ပေါင်းစုလုပ်ငန်းနှင့် နိုင်ငံတကာထောက်ခံမှု ရယူရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ကြသည်။
အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ပါတီဝင်ရဲဘော်များနှင့် ၂၀ဝ၄ ခုနှစ်၊ ဇူလိုင်လ(၂၅ မှ ၂၇) ရက်နေ့အထိ တိုးချဲ့ဗဟိုကော်မတီစုံညီအစည်းအဝေးကို ပြုလုပ်ခဲ့ကြပြီး လတ်တလောလုပ်ငန်းစဉ် (၁၀) ရပ်ကို ချမှတ်ခဲ့ကြသည်။ ပြည်တွင်းလုပ်ငန်းကို ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ခဲ့သည်။
၂၀ဝ၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ အထူးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ရင်ဆိုင်ကျော်လွှားသွားနိုင်ရေးအတွက် နိုင်ငံရေးဦးတည်ချက် (၄) ရပ်နှင့် လတ်တလောလုပ်ငန်းစဉ် (၉) ရပ်တို့ကို ရေးဆွဲချမှတ်ခဲ့သည်။ ထို့အပြင် ဥက္ကဌ ရဲဘော်အောင်မိုးဇော် ဦးဆောင်သော အဖွဲ့ဝင် (၈) ဦးပါဝင်သည့် အောက်ပါ ဗဟိုဦးဆောင်ကော်မတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁။ ရဲဘော် အောင်မိုးဇော် ဥက္ကဋ္ဌ
၂။ ရဲဘော် ယဉ်ထွေး ဒုတိယ ဥက္ကဋ္ဌ
၃။ ရဲဘော် ခင်မောင်တင့် အထွေထွေအတွင်းရေးမှူး
၄။ ရဲဘော် ငွေလင်း တွဲဘက်အထွေထွေအတွင်းရေးမှူး
၅။ ရဲဘော် မင်းလွင် ဗဟိုဦးဆောင်ကော်မတီဝင်
၆။ ရဲဘော်ထွဋ်ဦးလှိုင် ဗဟိုဦးဆောင်ကော်မတီဝင်
၇။ ရဲဘော်ဇော်ဇော်ထွန်း ဗဟိုဦးဆောင်ကော်မတီဝင်
၈။ ရဲဘော် တိုးတိုးထွန်း ဗဟိုဦးဆောင်ကော်မတီဝင်
၂၀၁၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှနေ၍ ဗဟိုဦးဆောင်ကော်မတီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁။ ရဲဘော် အောင်မိုးဇော် ဥက္ကဋ္ဌ
၂။ ရဲဘော် ယဉ်ထွေး ဒုတိယ ဥက္ကဋ္ဌ
၃။ ရဲဘော် ငွေလင်း အထွေထွေအတွင်းရေးမှူး
၄။ ရဲဘော် မင်းလွင် ဗဟိုဦးဆောင်ကော်မတီဝင်
၅။ ရဲဘော်ထွဋ်ဦးလှိုင် ဗဟိုဦးဆောင်ကော်မတီဝင်
၆။ ရဲဘော်ဇော်ဇော်ထွန်း ဗဟိုဦးဆောင်ကော်မတီဝင်
၇။ ရဲဘော် တိုးတိုးထွန်း ဗဟိုဦးဆောင်ကော်မတီဝင်
ပါတီသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး၊ နအဖစစ်အစိုးရ၏ လမ်းပြမြေပုံအဆင့်တိုင်းအား ဆန့်ကျင်ရေး စသည့်လုပ်ငန်းများအပါအဝင် ပါတီ၏ ရေတိုရေရှည်လုပ်ငန်းစဉ်များကို တော်လှန်ရေးအင်အားစု အသီးသီးနှင့် လက်တွဲ ဆောင်ရွက်ခဲ့ကြသည်။
(၄)
၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးဗဟိုကော်မတီကို ဖွဲ့စည်းကာ နယ်စပ်အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် စတင် ဆွေးနွေးခြင်းများ ပြုလုပ်လာသည်။
ထိုဖြစ်စဉ်အရ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီမှ ဒီဇင်ဘာအတွင်း ဦးသိန်းစိန်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပါတီတို့ (၆) ကြိမ် ဆွေးနွေးခဲ့ပါသည်။
ထိုဆွေးနွေးမှုများ၏အဆက်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်းသို့ ပါတီကိုယ်စားလှယ်အဖွဲ့ ရက် (၄၀)ကြာ လေ့လာရေး ခရီးစဉ်တစ်ခု လာရောက်နိုင်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ပါတီကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းရှိ ပါတီစုစည်းရေးကော်မတီဝင်များ၊ ပါတီရဲဘော်များ၊ မိတ်ဆွေများ၊ လုပ်ဖေါ်ကိုင်ဖက်များအား မိမိတို့အမြင်ကို တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်ရယူခြင်းများကို ပြုလုပ်ခဲ့ပါသည်။
၂၀၁၃ခုနှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရရှိထားသည့် နှုတ်ကတိများတွင် ပါရှိသည့်အတိုင်း ရန်ကုန်မြို့တွင် ပါတီစည်းရုံးပြင်ဆင်ရေးရုံးကို စတင်ဖွင့်လှစ်လှုပ်ရှားခဲ့ပါသည်။
ပြည်တွင်းတွင် လှုပ်ရှားနေသော ပြည်တွင်းစုစည်းရေးကော်မတီများနှင့်လည်းကောင်း၊ အခြားပုံသဏ္ဍာန်အမျိုးမျိုးနှင့် လှုပ်ရှားနေကြသော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများနှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး ပါတီခေါင်းဆောင်မှု စုစည်းရေး၊ ပါတီမူဝါဒနှင့် ပါတီလုပ်ငန်းစဉ် စုစည်းရေးများကို ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ စုစည်းထားသော ပါတီဝင်ရဲဘော်များနှင့် ပါတီခေါင်းဆောင်မှုကို ပြန်လည်စုဖွဲ့ခဲ့ကြပြီး စုစည်းရေးဆွဲ အတည်ပြုထားသော ပါတီမူဝါဒ၊ ပါတီလုပ်ငန်းစဉ်များဖြင့် ၂၀၁၃ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တည်ဆဲ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်ပါတီတရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ကြသည်။ ပါတီတည်ထောင်လိုသူများအဖြစ် အောက်ပါ ပါတီခေါင်းဆောင် ၂၁ ဦးကို ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးက တာဝန်ပေးအပ်ခဲ့ကြပါသည်။
၁။ ဦးအောင်မိုးဇော် (ပထမ ခေါင်းဆောင်)
၂။ ဦးမြင့်နိုင် (ခ) ခွန်ရဲသွေး (ဒုတိယ ခေါင်းဆောင်)
၃။ ဦးငြိမ်းချမ်း
၄။ ဦးငွေလင်း
၅။ ဦးသီဟထွဋ်ခင် (ခ) ဦးသီဟ
၆။ ဒေါ်နှင်းနှင်းမွှေး
၇။ ဦးထွဋ်ဦးလှိုင်
၈။ ဦး ဇော်ဇော်ထွန်း
၉။ ဦးတိုးတိုးထွန်း
၁၀။ ဒေါ်နိုးနိုးထက်စံ
၁၁။ ဦးကျော်ကျော်စိုး
၁၂။ ဦးအောင်မျိုးဦး (ခ) ရင်နီ
၁၃။ ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး
၁၄။ ဦးကျော်မိုးလှိုင်
၁၅။ ဦးမျိုးလွင် (ခ) ဦးကျော်မိုးလွင်အောင်
၁၆။ ဦးနေဝင်း (ခ) ဦးညီညီ
၁၇။ ဦးမင်းနိုင်
၁၈။ ဦးတင်ကိုအောင်
၁၉။ ဒေါ်တင်တင်ချို
၂၀။ ဦးညီညီအောင်
၂၁။ ဦးအောင်နိုင်ဦး
၂၀၁၄ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိမိတို့ပါတီကို တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း တရားဝင်အကြောင်းပြန်ကြားခဲ့ပါသည်။ ပါတီသည် နိုင်ငံရေးဦးတည်ချက် (၅) ရပ်ကို ချမှတ်ကာ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ ၊ သမဂ္ဂများ၊ ကွန်ရက်များနှင့် ချိတ်ဆက်လက်တွဲပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုများအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၁၈ နိုဝင်ဘာ (၃) ရက် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်းကောင်း ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ – ၂၀ – ၂၁ ရက်များတွင် ကျင်းပခဲ့သော ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီစုံညီ အစည်းအဝေးတွင် အောက်ပါရဲဘော်များဖြင့် ပါတီခေါင်းဆောင်မှုကို ပြန်လည်စုဖွဲ့ တာဝန်ပေးအပ်ခဲ့သည်။
၁။ ဦးအောင်မိုးဇော် ဥက္ကဋ္ဌ
၂။ ဒေါ်နိုးနိုးထက်စံ ဒုတိယ ဥက္ကဋ္ဌ
၃။ ဦးသီဟထွဋ်ခင် အထွေထွေအတွင်းရေးမှူး
၄။ ဒေါ်နှင်းနှင်းမွှေး တွဲဘက် အထွေထွေအတွင်းရေးမှူး (၁)
၅။ ဦးတိုးတိုးထွန်း တွဲဘက် အထွေထွေအတွင်းရေးမှူး (၂)
၆။ ဦးထွဋ်ဦးလှိုင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၇။ ဦးကျော်ကျော်စိုး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၈။ ဦးငွေလင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၉။ ဦးစောအောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၀။ ဦးမျိုးဟန် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၁။ ဦးသူအောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၂။ ဦးဇော်ဇော်ထွန်း ဗဟိုကော်မတီဝင်
၁၃။ ဦးအောင်မြင့်စိန် ဗဟိုကော်မတီဝင်
၁၄။ ဦးနိုင်လွင်ချို ဗဟိုကော်မတီဝင်
၁၅။ ဦးဝဏ္ဏ ဗဟိုကော်မတီဝင်
၁၆။ ဦးအောင်နိုင်ဦး ဗဟိုကော်မတီဝင်
၁၇။ ဒေါ်မေဖြူဆွေ ဗဟိုကော်မတီဝင်
၁၈။ ဦးသန့်စင် ဗဟိုကော်မတီဝင်
၁၉။ ဦးဖြိုးဟန် ဗဟိုကော်မတီဝင်
၂၀။ ဦးသန်းထိုက်အောင် ဗဟိုကော်မတီဝင်
၂၁။ ဒေါ်ဇင်မာဝင်း ဗဟိုကော်မတီဝင်
၂၂။ ဦးမောင်မောင်ကြီး ဗဟိုကော်မတီဝင်
၂၃။ ဒေါ်ခင်ခင်ကြိုင် ဗဟိုကော်မတီဝင်
၂၄။ မအိသဉ္ဖာမောင် ဗဟိုကော်မတီဝင် (လူငယ်ကိုယ်စားလှယ်)
၂၅။ ကိုမျိုးစော့ ဗဟိုကော်မတီဝင် (လူငယ်ကိုယ်စားလှယ်)
၂၀၁၃ ခုနှစ် ပါတီကို ပြန်လည်စုစည်းပြီးချိန်မှ ယနေ့အထိ ပါတီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အဖိနှိပ်ခံလူမျိုးစုံမြန်မာပြည်သူများလွတ်မြောက်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ကျရာအခန်းမှ တက်ကြွစွာ ထမ်းရွက်လျက်ရှိသည်။
(၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၉၊၂၀၊၂၁ ရက်များတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီစုံညီ အစည်းအဝေးက အတည်ပြုသည်။)