ဒီမိုကရေစီအခြေခိုင်မာဖို့ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့လိုပါတယ်။ ထို့အတူပဲ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ဖို့ လိုအပ်ပါတယ်ဟု ဦးအောင်မိုးဇော် ပြောကြား
ယခင်အစိုးရသက်တမ်းအတွင်းက အကောင်အထည်ဖော်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို NLD လူထု အစိုးရလက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် NCA စာချုပ်ချုပ်ဆိုခဲ့သည့်သက်တမ်းမှာ ၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရသည့် ၂၁ ရာစုပင်လုံညီလာခံနှင့် မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းချက်အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ကွဲပြားခြားနားချက်များအပေါ် သုံးသပ်ဆွေးနွေး ဖြေကြားပေးစေလိုပါတယ်။
ကျနော်ကတော့ အဲ့ဒီ အသုံးအနှုန်းတွေ ဘယ်လိုကနေဘယ်လို ပေါက်ဖွါးလာသလဲ နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံကိုယ် သာယာငြိမ်းချမ်းဖို့၊ တရားမျှတဖို့၊ တန်းတူဖို့၊ ညီညွတ်ဖို့၊ ဖွံ့ဖြိုးဖို့ ကိုယ်တတ်နိုင်တဲ့ ထောင့်နေရာက တတ်နိုင်သမျှ ပါဝင်ဖို့ ကြိုးစားတယ် ဆိုတာကပဲ သော့ချက်ဖြစ်ပါတယ်။ တကယ့်အခြေအနေတွေအောက်မှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းပုံသဏ္ဌာန်ဖြစ်ဖြစ်၊ သမဂ္ဂပုံသဏ္ဌာန်တွေနဲ့ ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီလို စုဖွဲ့တဲ့ပုံသဏ္ဌာန်ဖြစ်ဖြစ် ဒီလူ့အဖွဲ့အစည်း တိုးတက်အောင် ပိုကောင်းမွန်အောင် ဆောင်ရွက်ကြဖို့ချည်းပါပဲ။ အားလုံးက တိုင်းပြည်အတွက်၊ လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်ကြတာ ဆောင်ရွက်ကြရမှာ လို့ပဲ မြင်တယ်။ အဲ့ဒါကြောင့် မေးခွန်းမှာပါတဲ့ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုတာ သီးခြားစီဖြစ်တယ်လို့ ကျနော် မယူဆဘူး၊ မခံယူပါဘူး။ ဒီ့အတွက် ကွဲပြားခြားနားချက် ဆိုတာလည်း ကျနော် ဖြေဆို သုံးသပ်ပြဖို့ ခက်ပါလိမ့်မယ်။ နည်းနည်း ဖြည့်ပြောချင်တာက ဘယ်နိုင်ငံရေးပါတီမဆို ကိုယ်ယုံကြည်တဲ့ အတွေးအခေါ် အယူအဆကို အခြေခံပြီး၊ အမျိုးသားပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွါးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ကြရတာချည်းပါပဲ။ ကနေ့ခေတ်ဆိုရင် တိုင်း၊ နိုင်ငံဆိုတဲ့ ဘောင်တွေတောင်မှ ကျော်လွန်ပြီး၊ ဒေသတွင်းကိစ္စ နိုင်ငံတကာ ကိစ္စတွေအထိ ကိုယ်နဲ့ အခြေခံတူတဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်ပြီး ကမ္ဘာကြီးအတွက်၊ ကိုယ့်ဒေသအတွက် အကျိုးပြုနိုင်ဖို့ ဆောင်ရွက်နေကြတာ အထင်အရှားပါပဲ။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံ ပါဝင်လာမှုအပေါ် ပြောကြားပေးပါဦး။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်လာရတာ သဘာဝကျပါတယ်။ တရုတ်ဖြစ်စေ၊ ထိုင်းဖြစ်စေပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက တော်လှန်ရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့နိုင်ငံတွေနဲ့ ထိစပ်နေကြလို့ပါပဲ။ အဲ့ဒီတော့ ပါဝင်ချင်သည်ဖြစ်စေ၊ မပါဝင်ချင်ဖြစ်စေ တနည်းနည်းနဲ့တော့ ပါကို ပါရမယ့်အနေအထား ဖြစ်နေတယ်။ နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့က သူ့ရဲ့ စီးပွါးရေး နိုင်ငံရေး မဟာဗျူဟာစီမံကိန်းတွေကို အကောင်အထည်ဖေါ်ဖို့ဆိုရင် သူ့နယ်စပ်ဒေသတွေ၊ အိမ်နီနးချင်းနိုင်ငံတွေ နိုင်ငံရေးအရ တည်ငြိမ်ဖို့၊ အေးချမ်းဖို့ဆိုတာ အရေးကြီးတယ်။ နောက် တရုတ်က ကျနော်တို့ အိမ်နီးချင်းတင်ဖြစ်တာ မဟုတ်ဘူး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုပါဖြစ်တော့ တခြား သူနဲ့ယှဉ်ပြိုင်ဖက်တွေရဲ့ ကျနော်တို့နိုင်ငံအပေါ် သဘောထားတွေကိုလည်း ထိန်းယူနိုင်ဖို့ သူ့ဘက်က စဉ်းစားမှာ မလွဲပါပဲ။ အဲ့သည်တော့ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ခွင့်ရဖို့ တောင်းဆိုကောင်း တောင်း ဆိုမှာ ဖြစ်တယ်။ ကျနော့်အနေနဲ့ လုပ်ကိုလုပ်လိမ့်မှာ ဖြစ်တယ်လို့ ယူဆတယ်။
ကျနော်တို့နိုင်ငံအနေနဲ့ကလည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီလိုတဲ့ မိတ်ဆွေနိုင်ငံတိုင်းကို ဝမ်းပမ်းတသာ ကြိုဆိုကြရမယ်လို့ ကျနော် ယူဆတယ်။ ဒါ ဖြစ်သင့်တဲ့ အခြေခံသဘောထားလို့ မြင်တယ်။ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီမှုတွေကို ကျနော်တို့အတွက် ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ …. ဆိုတာကသာ ကျနော်တို့ဘာသာ ဖြေကြရမယ့် မေးခွန်း ဖြစ်တယ်။
နောက် တရုတ်နိုင်ငံကို သူနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အလေးထားကြရတယ်။ ကျနော်တို့ (တတိုင်းပြည်လုံး)အဖို့ကလည်း တစုံတရာ အလေးထားကြရတယ်ဆိုတာ လက်တွေ့ပါပဲ။ အကယ်၍သာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သဘောထားကလည်း မှန်ကန်မယ်။ ကျနော်တို့ အင်အားစုတွေရဲ့ သဘောထားကလည်း ငြိမ်းချမ်းရေးတည်ဆောက်လိုတဲ့ သဘောထား၊ စိတ်ဆန္ဒ အမှန်တကယ် ရှိကြမယ်ဆိုရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တရုတ်နိုင်ငံက အများကြီး အကျိုးပြုနိုင်ပါလိမ့်မယ်။
ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်လောက်တင် မဟုတ်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုအပ်မယ် ထင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့
တခါတခါ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာ သူတို့ဘက်က ဗိုလ်ကျသလို ဖြစ်တတ်တာ ဖြစ်လေ့ ဖြစ်ထရှိတယ်လို့ ထင်မိတယ်။ ဒါ့ကြောင့်မို့ ……
(က) ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ ပါဝင်မှုဟာ ကျနော်တို့တိုင်းပြည် တည်ငြိမ်ရေး၊ အေးချမ်းရေးဆိုတဲ့ ရည်ရွယ်ချက်က အဓိကနေရာက ရှိရမယ်။ ဒါမှ အကောင်းဘက်က ပါဝင်မှု လို့ ဆိုနိုင်တယ်။
( ခ) ကျနော်တို့ နိုင်ငံ့အကျိုး သူတို့နိုင်ငံ့အကျိုး မျှတဖို့ လိုတယ်။
( ဂ) ကျနော်တို့ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို အလေးထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ NLD လူထုအစိုးရနဲ့ တပ်မတော်ဆိုပြီး၊ Instituation ၂ ခု သီးခြား ရပ်တည်နေတယ်ဆိုတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ရဲ့ ဝေဖန်ပြောကြားချက်အပေါ် သဘောထားအမြင် သုံးသပ်ချက်။
၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မလွှဲမရှောင်သာ သဘာဝကျကျ အစိုးရ (၂)ခုလို ကျနော်တို့နိုင်ငံမှာ ဖြစ်တည်နေတာ လက်တွေ့ပါပဲ။ တိုင်းရင်းသားခေါင်းဆောင်အချို့တင် မဟုတ်ပါဘူး၊ နိုင်ငံရေးအင်အားစု အားလုံးလိုလိုက ဒီအတိုင်းပဲ မြင်ပါတယ်။ ဟိုတလောက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကတောင် Civilian Authority နဲ့ Military Authority ဆိုပြီး ခွဲခြားပြီး သုံးသွားတဲ့သတင်း ကျနော်ကြည့်လိုက်ရတယ်။ ဒီတော့ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်သေးဘူးလို့ ပြောလို့ရတယ်။ တပ်မတော်က နိုင်ငံရေးကနေ လုံးဝ ဆုတ်ခွါပါမှ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မယ်။ ဒီလိုအခြေအနေတွေ မဖြစ်နိုင်သေးရင်တောင် တပ်မတော်က အစိုးရကို ပြည့်ပြည့်ဝ၀ နာခံဖို့ လိုလိမ့်မယ်။ အနိမ့်ဆုံးအဆင့် အလေးထားပြီး ဟန်ချက်ညီ ဆောင်ရွက်နိုင်ဖို့ လိုလိမ့်မယ်။ အကယ်၍ တပ်မတော်မှာ အရာကိစ္စတွေနဲ့ ပတ်သက်လို့ သီးခြားသဘောထားတွေ ရှိနေရင်တောင်မှ လူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှသာ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်သင့်တယ်လို့ ကျနော်ယူဆတယ်။
NLD အစိုးရ့လက်ထက်မှာ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအချို့ ရှိခဲ့ပေမယ့် စီးပွါးရေး၊ လူမှုရေးနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ ကဏ္ဍများမှာ ပိုမိုဆိုးရွားစွာ ကျဆင်းသွားတယ်ဆိုတဲ့ အချက်အပေါ် သုံးသပ် ဆွေးနွေးဖြေကြား ပေးစေလိုပါတယ်။
နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအချို့ ရှိခဲ့တယ်ဆိုတာက အငြင်းပွါးစရာရှိတယ်လို့ ပြောချင်ပါတယ်။ တကယ်က ရွေးကောက်ပွဲကတိကဝတ်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စ – နဂိုရ်အတိုင်းပဲ။ တိုက်ပွဲတွေတောင် ပိုများလာသေးတယ်။ ရခိုင်ပြဿနာဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကမ္ဘာ့အလယ်မှာ ကျဆင်းသွားရတာ ငြင်းလို့ မရတဲ့ အချက်ပဲ။ ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စကရော – လွှတ်တော်ထဲမှာ အသံတောင် မထွက်တော့ဘူး ဖြစ်နေတယ်။ တရားဥပဒေစိုးမိုးရေးကရော ဘယ်လိုလဲ – ဝန်ကြီးဟောင်းတယောက်ရဲ့သား၊ ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင်တဦးကို လက်နက်တွေနဲ့ နေပြည်တော်လေဆိပ်လိုမျိုးမှာ မိခဲ့တာ လက်တွေ့ပဲ။ အစိုးရက ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးတွေဘက်ကို အခုအချိန်အထိ မည်မည်ရရ ဦးမလှည့်နိုင်သေးဘူး။ နိုင်ငံရေးအရ တိုးတက်မလာလို့၊ အကြပ်အတည်းတွေ့နေလို့ စီးပွါးရေး၊ လူမှုရေး အကြပ်အတည်းတွေ တွေ့နေတာလို့ ကျနော် တင်ပြချင်တယ်။ ကျနော် ပြောသင့်တယ်လို့ ယူဆတဲ့ စကားအနည်းငယ်ကို ထည့်သွင်း ပြောချင်ပါတယ်။
၁။ တိုင်းပြည်ကို တစ်ယောက်တည်း အုပ်ချုပ်လို့ မရနိုင်ဘူး။
၂။ အစုအဖွဲ့ လိုတယ်။ တစ်စုလုံး တစ်ဖွဲ့လုံး အရည်အချင်းပြည့်ပြီး လုပ်နိုင်ကိုင်နိုင်ရှိဖို့ လိုတယ်။
၃။ လက်တွဲဖေါ် မဟာမိတ်တွေ လိုတယ်။
ဒါတွေဟာ နိုင်ငံရေးကို မြှင့်တင်နိုင်ဖို့၊ စီးပွါးရေးကို မြှင့်တင်နိုင်ဖို့ လိုအပ်ချက်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းအကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ NLD ပါတီရဲ့ လက်ရှိ ၂၀၁၆ – ၂၀၂၀ အစိုးရသက်တမ်း ကာလအတွင်းမှာ အောင်မြင်မှု ရရှိနိုင်ပါ့မလား သုံးသပ်ဆွေးနွေး ဖြေကြားပေးစေချင်ပါတယ်။
အခုဘဲ ၂၀၁၇ က ကုန်ပါတော့မယ်၊ NCA ကို လက်မှတ်ထိုးသူက မူလ ၈ ဖွဲ့အတိုင်းဘဲ ရှိသေးတယ်။ NCA ကို ပြန်လည် မသုံးသပ်နိုင်ရင်၊ သုံးသပ်ခဲ့သည့်တိုင် အသေအချာ သဘောတူညီမှု မရရင် UNFC အဖွဲ့ဝင်တွေက NCA ကို လက်မှတ်ထိုးလာဖို့ မသေချာနိုင်ဘူး။ နောက် ဝ တို့၊ ကချင်တို့ စတဲ့ မြောက်ပိုင်းအဖွဲ့တွေကလည်း ကျန်နေသေးတယ်။ ဒီကြားထဲမှာ အစိုးရဖြစ်ဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အာရုံမစိုက်လို့ မရနိုင်တဲ့ ရခိုင်ပြည်နယ်ပြဿနာက ထပ်ပေါ်လာတော့ NCA နဲ့ ငြိမ်ချမ်းရေးဖြစ်စဉ်အပေါ် အများကြီး ရိုက်ခတ်မှု ရှိနိုင်တယ်။ ဟိုတလောက NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ၈ ဖွဲ့ထဲက အဓိကအကျဆုံး အဖွဲ့အစည်းကြီး ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သဘောထားကြေညာချက် ၁ စောင် ထုတ်ပြန်တာ တွေ့လိုက်ရတယ်။ ကြေညာချက်မှာက “လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြဿနာတွေကို ၂၀ဝ၈ ဖွဲ့စည်းပုံဘောင်အတွင်းကနေ ဖြေရှင်းဖို့ ခက်လိမ့်မယ်။ ဒါကြောင့် အစိုးရအနေနဲ့၊ တပ်မတော်အနေနဲ့ ကိုင်စွဲထားတဲ့ မူဝါဒတွေကို ဖြေလျှော့ပေးဖို့ လိုတယ်” လို့ ဖေါ်ပြထားပါတယ်။ ကျနော့်အမြင်မှာတော့ တပ်မတော်အနေနဲ့ကလည်း သူ့မူဝါဒတွေကို ဖြေလျှော့ဖို့ ဆိုတာ ခက်နိုင်တယ်။ ဖြေလျှော့တော့မယ့်လက္ခဏာလည်း မတွေ့ရသေးပါဘူး။ ချုပ်ကြည့်ရင်တော့ ဒီ ၃ နှစ် – ၄ နှစ် လောက်အတွင်း ပြေလည်ဖို့ ဆိုတဲ့ အချက်အလက် ကျနော် မတွေ့မိသေးပါဘူး။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အနာဂတ်အလားအလာများအပေါ် သုံးသပ် ဆွေးနွေး ဖြေကြား ပေးစေလိုပါတယ်။
ကျနော့်ရဲ့ အဖြေ (၃၊ ၄၊ ၅) တို့ဟာ လက်ရှိ နိုင်ငံရေးအခြေအနေတွေပဲ ဖြစ်တယ်။ ဒါပေမယ့် တခုလုံးကိစ္စကို ချုပ်ပြီး ကျနော် တင်ပြပါ့မယ်။
၁။ ကျနော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီအခြေအနေတွေ ခိုင်မာဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်။ ဒီမိုကရေစီအခြေအနေတွေ ခိုင်မာဖို့ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ လိုတယ်။ ထို့အတူပဲ။ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအောင်မြင်ဖို့ လိုတယ်။
၂။ ဒီလုပ်ငန်းစဉ် ၂ ရပ် အောင်မြင်ဖို့ ဆိုရင် ဒီ ၂ ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖေါ်လိုတဲ့ (Political Will) ဟာ အစိုးရမှာ၊ တပ်မတော်မှာ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ၊ နိုင်ငံရေးအင်အားစုတွေမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေမှာ ခိုင်ခိုင်မာမာ ရှိနေကြဖို့ လိုတယ်။
၃။ ပြည်သူတွေရဲ့ စီးပွါးရေးဘဝကလည်း အရေးကြီးတယ်။ ကနေ့အခြေအနေမှာ အခြေခံလူထုရဲ့ စားဝတ်နေရေး ပြဿနာကို လျစ်လျူရှုခံထားရသလို ဖြစ်နေတယ်။
၄။ အရေးထဲအရာပေါ်ဆိုသလို တကမ္ဘာလုံးနဲ့ မသင့်မတင့်ဖြစ်စရာ ရခိုင်ပြည်နယ်ရဲ့ပြဿနာတခုက ထပ်တိုး လာတယ်။
၅။ တရားဥပဒေစိုးမိုးရေးကလည်း လူသိရှင်ကြား ယိုယွင်းနေတယ်။
၆။ ဒီအခြေအနေတွေကို မကျော်နိုင်ရင် တိုင်းပြည်ရဲ့ အနာဂတ်အရေးဟာ ရင်လေးစရာ ဖြစ်တယ်။
၇။ သို့သော် စိတ်ဓာတ်ကျစရာ၊ အားလျော့စရာချည်းလို့ ကျနော်တော့ မထင်ဘူး။
ကျနော်တို့မှာ အရင်ကနဲ့မတူတဲ့ ပြောနိုင် ဆိုနိုင် လှုပ်ရှားနိုင်တဲ့ ဝန်းကျင်တခု ရှိနေတယ်။ ဒါကို သေချာ ဆုပ်ကိုင်ပြီး ကျနော်တို့အင်အားစုတွေအားလုံး စုနိုင်မယ် ညီညွတ်နိုင်မယ် ဆိုရင် ဖေါ်ပြခဲ့တဲ့ အခက်အခဲတွေကို ကျော်နိုင်ကြမယ်လို့ ယုံတယ်။ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ကို ဖြစ်လာမှာလို့ ယုံကြည်ပါတယ်။
××××× ××××× ×××××