ကျောင်းသားများ၏ အမျိုးသား ပညာရေးဉပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြေရှင်းခြင်းမပြုရန် မေတ္တာရပ်ခံ တိုက်တွန်းခြင်း သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၅)

Continue Reading

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက မွန်အမျိုးသားထုတရပ်လုံးနှင့်ထပ်တူထပ်မျှ ဂုဏ်ယူတန်ဖိုးထားပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။

ဒီမိုကရေစီဆိတ်သုဉ်းမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့မှုတို့ကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဒဏ်ကို မွန်အမျိုးသားများအပါအ၀င် ပြည်ထောင်စုဘွားတိုင်းရင်းသားတိုင်း ရာစုတ၀က်ကျော် ခါးဆီးခံခဲ့ကြရသည်ဟု မိမိတို့ပါတီက အလေးအနက် နားလည်ပါသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခုခံစစ်ကို ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးအင်အား စုများနှင့် လက်ရှိအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူလက်မှတ်ထိုးပွဲတရပ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။

တပြည်လုံးအတိုင်းအတာဆောင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးသည်နှင့် တဆက်တည်း နိုင်ငံရေး အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင် စုညီလာခံကြီးတရပ်ကို ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါသည်။ ထိုညီလာခံကြီးတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက်တရပ်ကို ချမှတ်ကြရမည် ဖြစ်ပါသည်။

ထိုသဘောတူညီချက်ကို နိုင်ငံရေးလမ်းညွှန်အဖြစ်ကိုင်စွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးအပါအ၀င် မိမိတို့နိုင်ငံတွင် ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားကာ ငြိမ်းချမ်းပြီး အစဉ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီခေတ်သစ်တရပ်ကို တည်ဆောက်ကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးစုံပြည်သူများနှင့် အတူ ဤလုပ်ငန်းစဉ်ကြီးအတွင်းမှာ ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်အမျိုးသားများ၏ (၆၇)ကြိမ် မြောက် မွန်အမျိုးသားနေ့တွင် လေးနက်တည်ကြည်စွာ ကတိပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဖေေါ်ဝါရီလ (၁၅) ရက်

Continue Reading

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀ဝ)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လှိုက်လှဲတန်ဖိုးထားစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (All Burma Students Union) ဥက္ကဋ္ဌ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး၊ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူး၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ဥက္ကဋ္ဌ စသည့်တာဝန်များဖြင့် သမိုင်းခေတ်ကာလအဆက်ဆက်က ပြဋ္ဌာန်းလိုက်သော သမိုင်း ရေးတာဝန်များကို ဦးလည်မသုန် ကိုယ်ကျိုးမဖက် ထမ်းရွက်ခဲ့ပါသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူကိုအလုပ်အကျွေးပြုသည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ဆောက်ခဲ့နိုင်ရုံမက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထားစွာဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပါသည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတလျောက်လုံးတွင် မဟာမိတ်အင်အားစုအသီးသီးနှင့် အခိုင်အမာလက်တွဲပြီး လူမျိုးစုံပြည်သူတို့၏ ထောက်ခံဝန်းရံပေးမှုဖြင့် လွတ်လပ်ရေးကို မရအရ ယူပေးနိုင်ခဲ့သည့်အတွက် အမျိုး သားခေါင်းဆောင်ကြီးအဖြစ် ပြည်သူလူထုတရပ်လုံးက ယနေ့ထက်တိုင် လေးစားတန်ဖိုးထားနေကြခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်မြန်မာပြည်သူလူထု၏အကျိုးကို တည့်တည့်မတ်မတ်မျက်နှာမူပြီး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့မှုတို့အား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလျက် မိမိတို့ပါတီအနေဖြင့် ယနေ့ကာလ အမျိုးသားရေး တာဝန်များတွင် ကျရာအခန်းမှ တက်ကြွစွာ ကြိုးပမ်းထမ်းရွက်သွားရန် အလေးအနက် အဓိဋ္ဌာန်ပြုပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်

Continue Reading

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁/၂၀၁၅)

၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကျောင်းသားများ၏ (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုသည် တရားနည်းလမ်းကျသည့်တောင်းဆိုမှု ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

၂။ ထိုသို့ (၄)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် ကျောင်းသားထု၏ ခိုင်မြဲသည့်သဘောထားကို ငြိမ်းချမ်းစွာ ထုတ်ဖေါ် ပြသနေသည့် သပိတ်မှောက်ခြင်း၊ ရန်ကုန်ကိုဦးတည်ပြီး ချီတက်ပွဲများပြုလုပ်နေခြင်းများကို မိမိပါတီက အပြည့်အ၀ ထောက်ခံဝန်းရံသွားမည် ဖြစ်ပါသည်။

၃။ ငြိမ်းချမ်းစွာ သပိတ်မှောက်ချီတက်လာနေသော ကျောင်းသားများနှင့် လမ်းတလျှောက် ကြိုဆိုထောက်ခံပြီး၊ပူးပေါင်းဆောင်ရွက်နေသော ကျောင်းသူ ကျောင်းသားများအပေါ် အင်အားသုံး အကြမ်းဖက်မှုမျိုး မပြုဘဲ၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။

၎။ ၂၀၁၄ခု၊စက်တင်ဘာလ ၃၀ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့်အမျိုးသားပညာရေးဥပဒေသည် ကျောင်းသား များ၊ ဆရာဆရာမများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့် ၎င်းတို့အားလုံး စုစည်းပါဝင်ကြသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တို့အနေဖြင့် လွှတ်တော်တွင်(မူကြမ်း)အဆင့် တင်ပြစဉ်ကတည်းကစ၍ သဘောမတူကြောင်း တောက်လျှောက် ကန့်ကွက်ခဲ့ကြသည့် ဥပဒေဖြစ်ပါသည်။

၎။ အမျိုးသားပညာရေးဥပဒေဆိုသည်မှာ တမျိုးသားလုံးနှင့်ဆိုင်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းခံကျသည့်ဥပဒေဖြစ်သည့်အတွက် ကျောင်းသူ ကျောင်းသားများ ဆရာဆရာမများအပါအ၀င် နိုင်ငံသားအားလုံး၏ သဘောဆန္ဒကို အခြေခံနိုင်ရန်၊ လွှမ်းခြုံနိုင်ရန် လိုအပ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

၅။ တာဝန်ရှိသူများအနေဖြင့် အချိန်ဆွဲနေခြင်းမပြုလုပ်ဘဲ အားလုံးက လက်ခံနိုင်သည့် အမျိုးသားပညာရေးဥပဒေတရပ်ကို ပြောင်းလဲ ပြဋ္ဌာန်းပေးနိုင်ရန် အတွက် ကျောင်းသားများ၏ဆန္ဒအတိုင်း အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

၆။ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့်လည်း ကျောင်းသားများဆောင်ရွက်နေကြသော တရားမျှတသည့် ငြိမ်းချမ်းစွာ တောင်းဆိုတိုက်ပွဲဝင်နေမှုများကို ၀ိုင်းဝန်းထောက်ခံ အကူအညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်။

Continue Reading

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ မန္တလေး ဒေသတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည့် အင်အားစုပေါင်းစုံပါဝင်လျက် ကျင်းပပြုလုပ်သည့် ယနေ့ လူထုစည်းဝေးပွဲကြီးသည် နိုင်ငံသားပြည်သူတို့က မိမိတိုအရေးကို မိမိတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေ၊းအဖြေရှာကြရန် အားထုတ်၊ကြိုးပမ်းမှုကြီးတစ်ရပ်အဖြစ် မိမိတို့ပါတီက လှိုက်လှဲစွာ ထောက်ခံ၊ကြိုဆိုအပ်ပါသည်။

၂။ မိမိတို့နိုင်ငံအတွင်း အနိမ့်ဆုံးအခြေခံလစာကဲ့သို့ အခွင့်အရေးမျှကိုပင် ရေရာစွာ အာမခံချက်မရရှိဘဲ မိမိတို့အခြေခံ ရပိုင်ခွင့် များအတွက် တောင်းဆိုလှုပ်ရှားနေကြသော အလုပ်သမားများ၊ မိမိတို့ပိုင် လယ်ယာမြေများ လက်လွတ်ဆုံးရှုံးနေကြရခြင်းအတွက်တရားမျှတစွာ ပြန်လည်ရရှိရေးနှင့် မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော မြေယာဆိုင်ရာ မူဝါဒများ ဥပဒေများရေးဆွဲရာ၌ မိမိတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး၊ဆုံးဖြတ်ခွင့် ရရှိရေးများအတွက်အသက်စွန့်ဆံဖျား အားထုတ်တောင်းဆိုနေကြသော လယ်သမားများ၊ ဒီမိုကရေစီပညာရေးစံနစ် ပေါ်ပေါက်၊ဖွံ့ဖြိုးနိုင်ရေးနှင့် ကျောင်းသားနှင့်ဆရာ ကိုယ်စားလှယ်များကိုယ်တိုင် အကျေအလည် ပါဝင်ဆွေးနွေး၊ပြဋ္ဌာန်းနိုင်သော ပညာရေးမူဝါဒတစ်ရပ်ရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုနေကြသော ကျောင်းသားများ စသည့်လူထုလှုပ်ရှားမှုများကို မြင်တွေ့နေရပေသည်။ ဤကဲ့သို့ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့်များရရှိနိုင်ရေး တောင်းဆိုလှုပ်ရှားမှုများကို မိမိတို့ ထောက်ခံ၊ဝန်းရံသွားမည်ဖြစ်ပြီး ဤသို့ တောင်းဆိုလှုပ်ရှားမှုများအတွက် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး၊အရေးယူခံရခြင်း၊အကြမ်းဖက် နှိပ်ကွပ်ခြင်း အမျိုးမျိုးကို ဆန့်ကျင်၊ကန့်ကွက်သွားမည် ဖြစ်ပါသည်။

၃။ တပြိုင်နက်တည်းတွင် မိမိတို့ တိုင်းပြည်၏ လက်ငင်းနိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ စံချိန်၊စံညွှန်းကိုက်ညီပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံနိုင်သော အခြေခံဥပဒေတရပ် ဖြစ်လာသည်အထိ ပြုပြင်နိုင်ရေး -နှေးကွေး၊ဖုထစ်လျက်ရှိသော လက်နက်ကိုင်အင်အားစုအားလုံးကိုလွှမ်းခြုံနိုင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးတိုးတက်မှု ရရှိလာနိုင်ရေး -နိုင်ငံရေးပြဿနာအရပ်ရပ်အား တွေ့ဆုံ၊ဆွေးနွေး အဖြေရှာနိုင်ကြရန် တမျိုးသားလုံးဆိုင်ရာကိုယ်စားပြုမှုရှိသည့် အင်အားစုပေါင်းစုံပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး –
စသည့် အဓိကကျသောနိုင်ငံရေးတာဝန်များအား မိတ်ဆွေအင်အားစုများနှင့်တကွ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ဝိုင်းဝန်း၊လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်တင်ပြရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇန္နဝါရီလ၊ (၁၆)ရက်။

Continue Reading