အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁/၂၀၁၅)
၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကျောင်းသားများ၏ (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုသည် တရားနည်းလမ်းကျသည့်တောင်းဆိုမှု ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။
၂။ ထိုသို့ (၄)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် ကျောင်းသားထု၏ ခိုင်မြဲသည့်သဘောထားကို ငြိမ်းချမ်းစွာ ထုတ်ဖေါ် ပြသနေသည့် သပိတ်မှောက်ခြင်း၊ ရန်ကုန်ကိုဦးတည်ပြီး ချီတက်ပွဲများပြုလုပ်နေခြင်းများကို မိမိပါတီက အပြည့်အ၀ ထောက်ခံဝန်းရံသွားမည် ဖြစ်ပါသည်။
၃။ ငြိမ်းချမ်းစွာ သပိတ်မှောက်ချီတက်လာနေသော ကျောင်းသားများနှင့် လမ်းတလျှောက် ကြိုဆိုထောက်ခံပြီး၊ပူးပေါင်းဆောင်ရွက်နေသော ကျောင်းသူ ကျောင်းသားများအပေါ် အင်အားသုံး အကြမ်းဖက်မှုမျိုး မပြုဘဲ၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။
၎။ ၂၀၁၄ခု၊စက်တင်ဘာလ ၃၀ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့်အမျိုးသားပညာရေးဥပဒေသည် ကျောင်းသား များ၊ ဆရာဆရာမများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့် ၎င်းတို့အားလုံး စုစည်းပါဝင်ကြသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တို့အနေဖြင့် လွှတ်တော်တွင်(မူကြမ်း)အဆင့် တင်ပြစဉ်ကတည်းကစ၍ သဘောမတူကြောင်း တောက်လျှောက် ကန့်ကွက်ခဲ့ကြသည့် ဥပဒေဖြစ်ပါသည်။
၎။ အမျိုးသားပညာရေးဥပဒေဆိုသည်မှာ တမျိုးသားလုံးနှင့်ဆိုင်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းခံကျသည့်ဥပဒေဖြစ်သည့်အတွက် ကျောင်းသူ ကျောင်းသားများ ဆရာဆရာမများအပါအ၀င် နိုင်ငံသားအားလုံး၏ သဘောဆန္ဒကို အခြေခံနိုင်ရန်၊ လွှမ်းခြုံနိုင်ရန် လိုအပ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါသည်။
၅။ တာဝန်ရှိသူများအနေဖြင့် အချိန်ဆွဲနေခြင်းမပြုလုပ်ဘဲ အားလုံးက လက်ခံနိုင်သည့် အမျိုးသားပညာရေးဥပဒေတရပ်ကို ပြောင်းလဲ ပြဋ္ဌာန်းပေးနိုင်ရန် အတွက် ကျောင်းသားများ၏ဆန္ဒအတိုင်း အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။
၆။ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့်လည်း ကျောင်းသားများဆောင်ရွက်နေကြသော တရားမျှတသည့် ငြိမ်းချမ်းစွာ တောင်းဆိုတိုက်ပွဲဝင်နေမှုများကို ၀ိုင်းဝန်းထောက်ခံ အကူအညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်။
Continue Reading