ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

( ၂၆-၆-၂၀၁၄) ရက်နေ့ ည ၉း၁၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိ ရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားထုနှင့်ထပ်တူ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ထပ်တူ၊ အဖိုး၏မိသားစုနှင့်ထပ်တူ အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး စသည့် တိုက်ပွဲ စဉ်များနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးသွားခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားထုအတွက် ကြီးမား သော ဆုံးရှုံးမှုကြီးဖြစ်ရုံသာမက တော်လှန်ရေးအင်အားစုများ၏ တပ်ပေါင်းစုလုပ်ငန်းများနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်ပါ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

တော်လှန်ရေးဒေသများနှင့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် နှစ်ကာလများအတွင်း မိမိတို့ပါတီအလံတော်အား ဆက်လက် လွှင့်တင်လှုပ်ရှားခဲ့ကြရသည့် အလွန်ခက်ခဲကြမ်းတမ်းသော ဖြတ်သန်းမှုကြီးအတွင်းတွင် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘောနှင့်တကွ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အဖက်ဖက်မှ ဖေးမ၀န်းရံ လက်တွဲဆောင်ရွက်ခဲ့မှုများ၊ အပြန်အလှန် တန်ဖိုးထား မှုအပြည့်ဖြင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို မိမိတို့ပါတီက အစဉ်အမြဲ အောက်မေ့ ဂုဏ်ယူနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘော၏ စံနမူနာကောင်းများကို ခံယူပြီး အဖိနှိပ်ခံပြည်သူများ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် လူမျိုးပေါင်းစုံပြည်သူလူထုကြီး နှင့်အတူ တက်ကြွစွာ သယ်ပိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ၀မ်းနည်းသ၀ဏ်လွှာ ကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်

Continue Reading

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီပြည် အမျိုးသားထုတရပ်လုံး၏ (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိ တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

လူမျိုးတမျိုး၏ ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ၎င်းလူမျိုး၏ ဓလေ့ထုံးတမ်းများနှင့် စာပေ၊ဂီတအပါအ၀င် ယဉ်ကျေးမှုအရပ်ရပ်တို့ဖြင့်လည်းကောင်း၊ အမျိုးသားနေ့သမိုင်း၊ အမျိုးသားတော်လှန်ရေးနေ့သမိုင်းတို့ဖြင့်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ကြရသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ တန်ဖိုးဖြတ်၍မရသော မိမိတို့အမျိုးသားပိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်နှင့် တစတစတိုးတက်ဖွံ့ဖြိုးလာစေရန် လွတ်လပ်စွာ တီထွင်တိုးချဲ့ခွင့်တို့ကို အမျိုးသားတိုင်း အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် အမျိုးသားတိုင်းအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးသည် အသက်တမျှ အရေးကြီးသည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုသို့ အာမခံနိုင်ဖို့ဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူမျိုးစုံမြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ကြရန်၊ ပြင်ဆင်ခွင့်ရရှိရန် အထူး လိုအပ်ပါသည်။

လူမျိုးစုံ မြန်မာပြည်သူများ ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားသည်အထိ ပြင်ဆင်နိုင်ရန် အ တွက်လည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်ရန်အတွက်လည်းကောင်း အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည် ထောင်စုညီလာခံကြီးကို ကျင်းပပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မိမိတို့ပါတီအနေဖြင့် ကရင်နီပြည် အမျိုးသားထုကြီးအပါအ၀င် လူမျိုးစုံမြန်မာပြည်သူတရပ်လုံးနှင့် ညီညွတ်သွေးစည်း စွာလက်တွဲပြီး အထက်ပါနိုင်ငံရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာရှိသော (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အလေးအနက် ကတိသစ္စာ ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်

Continue Reading

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

လွန်ခဲ့သော နှစ်ပေါင်း (၄၀)က ဇွန်လ ၆ရက်နေ့တွင် အလုပ်သမားလှုပ်ရှားမှုကြီး တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ရသည်။ ထိုလှုပ်ရှား မှုကြီးသည် လူထုဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလုပ်သမားကိုယ်စားလှယ်အတုအယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံတိုင်းတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သည့် လှုပ်ရှားမှုကြီးဖြစ်ပါသည်။

အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုက အပြည့်အ၀ ၀န်းရံထောက်ခံခဲ့ကြသည်။ ရဟန်းရှင်လူ ပြည်သူလူထုက လည်း သဏ္ဍာန်အမျိုးမျိုးနှင့် ထောက်ခံပါဝင်ခဲ့ကြသည်။ သို့အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်လှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ် သမားနှင့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည်ဖြင့် လှုပ်ရှားမှုများ ဆက်တိုက်မနားတမ်း ပေါ်ပေါက်ခဲ့ရသည်။

မဆလတပါတီအာဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံ ဗိုလ်နေ၀င်းအစိုးရသည် အလုပ်သမားနှင့်ကျောင်းသားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ထိုအခြေခံရပိုင်ခွင့်များရရှိရေးဆိုင်ရာ တိုက်ပွဲများကို အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမားကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ် ချမှတ် ပစ်ခဲ့သည်။

ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသည့် အလုပ်သမား၊ ကျောင်းသားရဲဘော်များနှင့် နှစ်ရှည်အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား နှစ် (၄၀) ပြည့် အထိမ်းအမှတ်နေ့မှာ မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။

ယနေ့ကာလအနေအထားကို လေ့လာကြည့်မည်ဆိုပါကလည်း အလုပ်သမားများ၏ အခြေခံလစာကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း အပါအ၀င် အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့နေရပါသည်။ ထို့နည်းတူ ကျောင်းသားများအတွက် လုံခြုံပြည့်စုံသည့် ပညာရေးမူဝါဒတစ်ရပ် အခိုင်အမာ ချမှတ်ပေးနိုင်မှုလည်း မရှိသေးပဲ ဖြစ်နေပါသည်။ ထို့အတွက်လည်း အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသားထု၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွား ပေါ်ပေါက်နေကြရခြင်းဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ရှုမြင်ပါသည်။

အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူတို့အနေဖြင့် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ်ယူကြရလိမ့်မည် ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄၀) ဆီက အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြရပါလိမ့်မည်။ ဆန်တောင်းသူကို ကျည်ဆံပေး၍ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြေရှင်းနည်းမျိုးသည် ယနေ့ခေတ်ကာလတွင် မရှိသင့် မရှိအပ်သည့် ဖြေရှင်းနည်းအဆင့်ကို ရောက်ရှိသွားပြီဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မည်သို့သော အကန့်အသတ်များ၊စိန်ခေါ်ချက်များ ရှိနေစေကာမူ အလုပ်သမားများဘ၀၊လယ်သမားများဘ၀၊ ကျောင်းသားများဘ၀ လုံခြုံ အေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အ၀ အာမခံနိုင်မှု မရရှိသေးသရွေ့ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲထားကြရဦးမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူထားကြောင်းတင်ပြရင်း ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးက်ာမတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ


၁။ လက်နက်အားကိုး နိုင့်ထက်စီးနင်း ဖိနှိပ်၊ ရန်မူခံရခြင်းအား ရင်ဆိုင် ခုခံ၊ တော်လှန်စစ် ဆင်နွှဲခဲ့ကြသည့် ကယန်းအမျိုးသား ပြည်သူတို့၏ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးသမိုင်းသည် နှစ် (၅၀) ရွှေရတုတိုင် မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။

၂။ ကယန်းအမျိုးသားပြည်သူတို့၏သမိုင်းသည် နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်အပြီးအပြတ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့၏ သမိုင်းဖြစ်ပြီး မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲစဉ်ကြီးနှင့် တဆက်တစပ်တည်းလည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလအထိလည်း ကယန်းအမျိုးသားများသည် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ မပြီးပြတ်နိုင်သေးသော အမျိုးသား လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှုတာဝန်များဖြစ်သည့် ၂၀၀၈ အဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူအကျိုးစီးပွား၊ သဘော ဆန္ဒများနှင့်အညီ ပြောင်းလဲပစ်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း စေရေး စသည့်တာဝန်များကို ကျရာအခန်းမှ ကျားကုတ်ကျားခဲ ထမ်းရွက်နေကြသည်ကို မိမိတို့ပါတီက လှိုက်လှဲတန်ဖိုးထားစွာ လေးစားဂုဏ်ပြုပါသည်။

၎။ မိမိတို့ပါတီသည် ဤ အမျိုးသားရေးတာဝန်များကို ကယန်းအမျိုးသားများအပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီးနှင့်အတူ မိတ်ဆွေကောင်းအင်အားစုတရပ်အဖြစ် ပါဝင် ထမ်းရွက်သွားကြမည် ဖြစ်ပါကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ် ၊ ဇွန်လ ၊ (၄) ရက် ။

Continue Reading

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ ယနေ့သည် စစ်အာဏာစိုးမိုးမှု ဆန့်ကျင်သော လူမျိုးစုံမြန်မာ့ပြည်သူလူထုကြီးက ရွေးကောက်ပွဲကို တိုက်ပွဲမျက်နှာစာတခုကဲ့သို့ လက်ခံ၊ ရင်ဆိုင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံ၊ မဲပေး ရွေးချယ်ခဲ့သော (၂၄) နှစ်ပြည့် အခါ သမယ ဖြစ်သည်။

၂။ လွန်ခဲ့သော (၂၄)နှစ်၊ ၁၉၉၀ ပြည့်က ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ထိုကာလက ပြည်သူအများ လွှဲအပ်၊ တာဝန်ပေးခဲ့သော စစ်အာဏာစိုးမိုးမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်း၊ ညီညွတ်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေးတို့အတွက် ပြည်သူ့ သဘောထားဆန္ဒမပါဘဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် တာဝန်သိသိ ဆက်လက် အားထုတ်၊ ကြိုးပမ်းနေကြသည်ကို အထင်အရှားတွေ့နိုင်ပေသည်။

၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ လွတ်လပ် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေး တို့အတွက် ၁၉၉၀ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ မဟာမိတ်ကောင်းအဖြစ် လက်တွဲ၊ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ကတိ၊ ဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

၂၀၁၄ ခုနှစ်၊ မေလ၊ ၂၇ ရက်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

၂၀၁၄ခုနှစ် မေလ (၁၈) ရက်

ပါတီရဲဘော်များ၊ ပါတီကို ချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏ လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား

မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင် ပြန်လည်ရပ်တည်လှုပ်ရှားနိုင် ရေးအတွက် မိမိတို့သည် ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစတင်ပြီး လိုအပ်သည့် ကနဦးဆောင်ရွက်ရန်လုပ်ငန်းများအား ပါတီ၏ ဂုဏ်သိက္ခာကို အသက်တမျှထိန်းသိမ်းရင်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတော်သမ္မတထံသို့ စာ ရေးသားပေးပို့ခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအ၀င် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ များကို ဆောင်ရွက်ခဲ့ကြပါသည်။ တဖက်တွင်လည်း မိမိတို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပြည်တွင်းရှိ ပါတီစုစည်းရေးကော်မတီ များနှင့်အတူ နိုင်ငံအနှံ့ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

သို့ဖြစ်၍ ပါတီသည် ပါတီသက်တမ်းတလျောက်လုံးအတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရုန်းကန်လှုပ်ရှားရင်း ပါတီအလံကို လွှင့်ထူ သယ်ဆောင်ခဲ့ကြသော ပါတီရဲဘော်များဖြင့် ပါတီခေါင်းဆောင်မှုကို အောက်ပါအတိုင်း အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီဝင်များ

၁။ ဦးအောင်မိုးဇော် သဲကုန်းမြို့
၂။ ဦးမြင့်နိုင်(ခွန်ရဲသွေး) တောင်ကြီးမြို့
၃။ ဦးငြိမ်းချမ်း မန္တလေးမြို့
၎။ ဦးငွေလင်း သန်လျင်မြို့
၅။ ဦးသီဟထွဋ်ခင်(ဦးသီဟ) ပြည်မြို့
၆။ ဒေါ်နှင်းနှင်းမွှေး သာကေတမြို့
၇။ ဦးထွဋ်ဦးလှိုင် စစ်ကိုင်းမြို့
၈။ ဦးဇော်ဇော်ထွန်း တောင်ငူမြို့
၉။ ဦးတိုးတိုးထွန်း မြောင်းမြမြို့
၁၀။ ဒေါ်နိုးနိုးထက်စံ တောင်ငူမြို့
၁၁။ ဦးကျော်ကျော်စိုး မန္တလေးမြို့
၁၂။ ဉ်ီးအောင်မျိုးဦး(ရင်နီ) မြောက်ဥက္ကလာပမြို့
၁၃။ ဦးဝင်းမြင့်ဦး (ဦးနေမျိုး) တောင်ကြီးမြို့
၁၄။ ဦးကျော်မိုးလှိုင် မုံရွာမြို့
၁၅။ ဦးမျိုးလွင်(ကျော်မိုးလွင်အောင်) သံတွဲမြို့
၁၆။ ဦးနေဝင်း(ဦးညီညီ) ကျောက်တံတားမြို့
၁၇။ ဦးမင်းနိုင် မြောက်ဒဂုံမြို့
၁၈။ ဦးတင်ကိုအောင် မန္တလေးမြို့
၁၉။ ဒေါ်တင်တင်ချို အောင်လံမြို့
၂၀။ ဦးညီညီအောင် မန္တလေးမြို့
၂၁။ ဦးအောင်နိုင်ဦး မကွေးမြို့

သို့သော် မိမိတို့ ယခုစုစည်းထားနိုင်သည့် ခေါင်းဆောင်မှုသည် ပဏာမ စုစည်းချက်မျှသာ ဖြစ်သည်ဟု မိမိတို့က ခံယူပါ သည်။ ပါတီဝင်ရဲဘော်များ၊ ပါတီဝင်ရဲဘော်ဟောင်းများ၊ ပါတီမိတ်ဆွေများ၊ ပါတီလိုလားသူများနှင့် နယ်ပယ်အသီးသီးရှိ လူထုလူတန်း စားအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော လုပ်ဖေါ်ကိုင်ဖက်များဖြင့် ပါတီ၏ခေါင်းဆောင်မှုကို ပါတီစည်းရုံးရေးမူများနှင့်အညီ ဆက်လက်တိုးချဲ့သွားရန် အခိုင်အမာ ဆုံးဖြတ်ချက် ချထားကြပါသည်။

ယနေ့ဆိုလျင် ပါတီသည် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် တည်ထောင်ခွင့် ရရှိပြီး ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့်

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး၊ အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းတည်ဆောက်ရေး စသည့် မိမိတို့ပါတီ၏နိုင်ငံရေးဦးတည်ချက် (၅) ရပ်ကို ခြေလှမ်းရှိရှိ အကောင်အထည်ဖေါ်ဆောင် သွားလိုပါသည်။
” ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသည့် ပါတီ၏ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူများကို အတက်ကြွဆုံး အလုပ်အကျွေး ပြုသွားလိုပါသည်။
မိမိတို့ပါတီဝင်များအတွင်း အပြန်အလှန်တန်ဖိုးထားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုတို့ဖြင့် ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ပြီး မိမိတို့ပါတီအလံတော်အား အမြင့်မားဆုံးလွှင့်ထူသွားလိုပါသည်။
 ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများအားလုံးနှင့် အရင်းနှီးဆုံး လက်တွဲဆောင်ရွက်သွားလိုပါသည်။
လူထုလုပ်ငန်းများကို ဆောင်ရွက်ရင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ပြည်သူများဘက်ကရပ်တည်ရင်း ပြည်သူလူထုကိုအလုပ်အကျွေးပြု သည့်၊ ပြည်သူလူထုကအမှန်တကယ်အားထားယုံကြည်သည့် ပါတီတရပ်ဖြစ်လာရေးအတွက် အစွမ်းကုန် တည်ဆောက် သွားလိုပါသည်။
မိမိတို့ပါတီကို စနစ်တကျစည်းရုံးတည်ဆောက်လျက် သင့်လျော်သောအချိန်တခုတွင် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကြီးတရပ် ခေါ်ယူကျင်းပသွားလိုပါသည်။
သို့အတွက် ပါတီရဲဘော်များ၊ ပါတီကိုချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏လုပ်ဖေါ်ကိုင်ဖက်များအားလုံးအား ပါတီ၏အလံ တော်အောက်တွင် အမြန်ဆုံးလာရောက်စုရုံးကြပါရန်နှင့် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ ယနေ့ကာလ အမျိုးသားရေးတာဝန် များကို မိမိတို့နှင့်အတူတကွ သယ်ပိုးထမ်းရွက်ပေးကြပါရန် မိမိတို့က တည်ကြည်လေးနက်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါ သည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)

Continue Reading

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

၁။ မြန်မာပြည်အလုပ်သမားထု၏ သမိုင်းသည် (၁၉၁၆) ရေနံအလုပ်သမားတို့၏ အခွင့်အရေးတိုက်ပွဲမှစတင်၍ ယနေ့ကာလအထိ တောက်လျောက် ရုန်းကန်လှုပ်ရှား နေရဆဲဖြစ်သော ရှည်လျားသော တိုက်ပွဲသမိုင်းဖြစ်သည်။

၂။ ၁၉၃၈ (၁၃၀၀ ပြည့်) အရေးတော်ပုံ အပါအဝင် ၁၉၄၆-၄၇ ခုနှစ်များတွင်လည်းကောင်း၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ နှင့် ယနေ့ကာလများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစား၏ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်မှုများသည် အဖိနှိပ်ခံ လူမျိုးစုံအမျိုးသားပြည်သူတို့၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် တဆက်တည်း၊ တသားတည်း ပေါင်းစည်းမိခဲ့ကြသည်။ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကို တဆင့်တိုးမြှင့် ခရီးရောက်စေခဲ့ပါသည်။

၃။ ယနေ့ တိုင်းပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ဦးတည်နေချိန်တွင်လည်း ပြောင်းသစ်လာဖွယ် အခြေအနေတို့နှင့် ဆီလျော် မည့် အလုပ်သမားထုဘဝရရှိရေး အားထုတ် တိုက်ပွဲဝင်မှုများသည် တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရန်၊ တမျိုးသားလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာ၍ အများပြည်သူလက်ခံသော အခြေခံ ဥပဒေသစ်တရပ် ရရှိရန် ကြိုးပမ်းလှုပ်ရှားနေကြသော အမျိုးသားပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် တဆက်တစပ်တည်း ပေါ်ပေါက် အားဖြည့်ပေးလျက် ရှိပေသည်။

၎။ အလုပ်သမားထု၊ အလုပ်သမားလူတန်းစား၏ အခွင့်အရေးနှင့် လွတ်မြောက်ရေးအတွက် ပိုမို သွေးစည်းတောင့်တင်း ခိုင်မာစေမည့် အလုပ်သမားအဖွဲ့ချုပ်ကြီး ဖော်ဆောင်နိုင်ရန် အခြေခံကျသော ဤနှီးနှောဖလှယ်ပွဲကြီးမှာ ယနေ့ကာလ အမျိုးသားရေးလှုပ်ရှားမှုကြီး တခုလုံး အား အင်ပြည့်အားပြည့် ကျေးဇူးပြုမည့် အရေးပါသော အားထုတ်မှုကြီးလည်း ဖြစ်ပေသည်။

၅။ ထိုကြောင့် မိမိတို့ပါတီအနေဖြင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အား ဆက်လက်ထမ်းရွက်ကြရမည့် အမျိုးသားရေးတာဝန်များ ကို ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားနိုင်မည့် မိတ်ဆွေအင်အားစုကြီးအဖြစ် ယုံကြည်မျှော်လင့်လျက် လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီ လ (၂၆) ရက်။

Continue Reading

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

ယနေ့ ( ၂၁-၄-၂၀၁၄) ရက်နေ့ နံနက် ၆း၀၀ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆရာဦးဝင်းတင် ဆုံးပါး ကွယ်လွန် သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရ ပါသည်။

ဆရာဦးဝင်းတင်၏တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိရေးအပါအ၀င် အဖိနှိပ်ခံလူမျိုးစုံမြန်မာပြည်သူများ လွတ်မြောက်လုံခြုံရေးဆိုင်ရာ တိုက်ပွဲများနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။ ဆရာဦးဝင်းတင်သည် မည်သို့သောအကန့်အသတ်အပိတ်အဆို့မျိုးကိုမဆို တွေဝေယိမ်းယိုင်မှုကင်းမဲ့ စွာဖြင့် ထွက်ပေါက်မရှိလျင် ဖေါက်ထွက်ရမည်ဆိုသည့် လူထုလုပ်ဟန် လူထုလမ်းစဉ်ကို လူငယ်မျိုးဆက်များနှင့် ခေတ်ပြိုင် တိုက်ဖေါ်တိုက်ဖက်အားလုံးအတွက် ချမှတ်ပေးခဲ့သူ၊ ကိုယ်တိုင်လည်း တပ်ဦးက ရဲရဲဝံ့ဝံ့ ဖေါက်ထွက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် မှတ်တမ်းတင်ပါသည်။

ဆရာဦးဝင်းတင် ဆုံးပါးသွားခြင်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်သာမက ယနေ့ကဲ့သို့ ရှုပ်ထွေးေ၀၀ါး နေသည့်ကာလ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုင်ရာ လှုပ်ရှားမှုကြီးအတွက်ပါ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

မိမိတို့ပါတီ၏ ပြည်တွင်းလေ့လာရေးခရီးစဉ်တွင်လည်းကောင်း၊ မိမိတို့ပါတီ၏ ပါတီဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်မြောက်နေ့ အခမ်းအနားတွင်လည်းကောင်း အလွန်အမင်း ကျန်းမာရေးဆိုးနေသည့်ကြားမှပင် မိမိတို့ပါတီကို လုပ်ဖေါ်ကိုင်ဖက် ပါတီတရပ်အဖြစ် လှိုက်လှိုက်လှဲလှဲ ကြီုဆိုနှုတ်ဆက်ပေးခြင်း၊ နိုင်ငံရေးအရ တန်ဖိုးတထား ဂုဏ်ပြုစကား ပြောကြားပေးခြင်း များအပေါ် မိမိတို့ပါတီက အမြဲ အောက်မေ့အမှတ်ရနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် ဆရာဦးဝင်းတင်၏ စံနမူနာကောင်းများကို ခံယူပြီး ဆရာမျှော်မှန်းထားသည့် အဖိနှိပ်ခံ ပြည်သူများ လွတ်မြောက်လုံခြုံသည့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်သည့်၊ ငြိမ်းချမ်းပြီး အစဉ်ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်သည်အထိ အမျိုးသားရေးတာဝန်များကို လူထုနှင့်အတူ သယ်ပိုး ထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ ၀မ်းနည်းသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ရက်

Continue Reading

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခြင်း

၁။ ယနေ့ (၁၀၊၄၊၂၀၁၄) နေ့တွင် ကျရောက်သော (၁၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့  မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။

၂။ အသီးသီးသောကယန်းမျိုးနွယ်စုများ တညီတညွတ်တည်း ဘုံလက်ခံသုံးစွဲမည့် ဘာသာစကားအား တပေါင်းတရုံးတည်း အတည်ပြုနိုင်ခဲ့ကြသည့်အတွက် ဤဧပြီ (၁၀) ရက်ကို“ ကယန်းအမျိုးသားနေ့ ” ဟု သတ်မှတ်၊ကျင်းပ နိုင်ခဲ့ပေသည်။

၃။ ကယန်းအမျိုးသားပြည်သူတို့၏ နယ်ချဲ့စိုးမိုးမှုဆန့်ကျင်ရေးသမိုင်း၊ အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူရေးသမိုင်း၊ ငြိမ်းချမ်းရေး နှင့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးသမိုင်း၊ ဒီမိုကရေစီထွန်းကားရေး နှင့် အာဏာရှင်စံနစ်ဖျက်သိမ်းရေးသမိုင်း တွင် ဂုဏ်ယူထိုက်သော အမျိုးသားမှတ်တိုင်တခု ထပ်မံ၊စိုက်ထူနိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။

၎။ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ကယန်းအမျိုးသားပြည်သူများ၊ ဘဝတူ ပြည်ထောင်စု ညီနောင်မျိုးနွယ်စုများအားလုံးနှင့်အတူ အများပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ရေး၊ တမျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေးမျက်နှာစုံညီ ဆွေးနွေးပွဲကြီးတရပ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီ အပြည့်အဝထွန်းကားပြီး တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စုစစ်စစ် ထူထောင်အောင်မြင်စေရေး၊ စစ်မှန်၍ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စသည့်တာဝန်များကို မိတ်ရင်း၊ဆွေမွန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲ ဆောင်ရွက်သွားနိုင်ကြမည်ဟု အားထား၊ယုံကြည်စွာဖြင့် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

၁၀ ရက်၊ဧပြီ လ၊ ၂၀၁၄ ခု။
ဗဟိုစည်းရုံးရေးကော်မတီ

Continue Reading