ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ
( ၂၆-၆-၂၀၁၄) ရက်နေ့ ည ၉း၁၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိ ရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားထုနှင့်ထပ်တူ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ထပ်တူ၊ အဖိုး၏မိသားစုနှင့်ထပ်တူ အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။
ဗိုလ်ချုပ်ကြီးတာမလာဘော၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး စသည့် တိုက်ပွဲ စဉ်များနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးသွားခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားထုအတွက် ကြီးမား သော ဆုံးရှုံးမှုကြီးဖြစ်ရုံသာမက တော်လှန်ရေးအင်အားစုများ၏ တပ်ပေါင်းစုလုပ်ငန်းများနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်ပါ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။
တော်လှန်ရေးဒေသများနှင့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် နှစ်ကာလများအတွင်း မိမိတို့ပါတီအလံတော်အား ဆက်လက် လွှင့်တင်လှုပ်ရှားခဲ့ကြရသည့် အလွန်ခက်ခဲကြမ်းတမ်းသော ဖြတ်သန်းမှုကြီးအတွင်းတွင် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘောနှင့်တကွ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အဖက်ဖက်မှ ဖေးမ၀န်းရံ လက်တွဲဆောင်ရွက်ခဲ့မှုများ၊ အပြန်အလှန် တန်ဖိုးထား မှုအပြည့်ဖြင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို မိမိတို့ပါတီက အစဉ်အမြဲ အောက်မေ့ ဂုဏ်ယူနေမည် ဖြစ်ပါသည်။
မိမိတို့ပါတီအနေဖြင့် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘော၏ စံနမူနာကောင်းများကို ခံယူပြီး အဖိနှိပ်ခံပြည်သူများ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် လူမျိုးပေါင်းစုံပြည်သူလူထုကြီး နှင့်အတူ တက်ကြွစွာ သယ်ပိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ၀မ်းနည်းသ၀ဏ်လွှာ ကို ပေးပို့အပ်ပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်
Continue Reading